ပန်းနဲ့သေနတ်စီးချင်းထိုးပွဲ

By မိုးသောက် (မဇ္ဈိမ)
21 June 2023
ပန်းနဲ့သေနတ်စီးချင်းထိုးပွဲ

ပန်းဆိုသည်မှာ လှ‌ပသောအဆင်းနှင့် ဆွတ်ပျံ့သော ရနံ့ရှိ၏။ လူမှုဘဝပတ်ဝန်းကျင်ကို လှပကြည်လင်စေ၏။ သေနတ်ဆိုသည်မှာ လူသတ်လက်နက်ဖြစ်၏။ သွေးညှီနံ့ စွန်းပေ၏။ လူမှုဘဝပတ်ဝန်းကျင်ကို ထိန့်လန့်တုန်လှုပ်စေ၏။

ဒါတွေက ပန်းနဲ့သေနတ်ရဲ့ ပကတိအရှိတရား ဝိသေသ‌လက္ခဏာတွေဖြစ်ပါတယ်။

နောက်ထပ်ပကတိအရှိတရား ဖြစ်ရပ်လည်း ရှိပါသေးတယ်။ပန်းပန်‌တဲ့သူတွေကို သေနတ်ကိုင်ထားတဲ့ လူအုပ်စုက ကြောက်ပြီးသေနတ်အားကိုးနဲ့ အနိုင်အထက်ပြုကျင့်ဖမ်းဆီးခဲ့တဲ့ဖြစ်ရပ်ပါ။မြန်မာနိုင်ငံမှာ မ‌နေ့တနေ့က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ရက်။

ချစ်ခင်မြတ်နိုးသူ ပြည်သူများက အမေစုလို့ အမြတ် တနိုးခေါ်ကြတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်‌ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈နှစ်မြောက်မွေးနေ့။ ဘီလူးခေါင်းဆောင်းထားတဲ့ စစ်အာဏာရှင်ရဲ့ သရုပ်မှန်ကို live လွှင့်နေတဲ့ဘောလုံးပွဲတိုက်ရိုက်ကြည့်နေရသလို ပြည်သူလူထုက အဲ့ဒီနေ့မှာ နောက်ထပ် ထင်ထင်ရှားရှား မြင်ခဲ့ကြရပြန်ပါတယ်။

ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်၊ Junction Square ရှေ့လမ်းပေါ်မှာ

ထီးတစ်လက်၊ ပိုက်ဆံအိတ်အသေးတစ်လုံးနဲ့ နှင်းဆီပန်းတစ်ပွင့်ကိုကိုင်ပြီး လမ်းလျှောက်လာတဲ့အမျိုးသမီးကို လက်နက်ကိုင်စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီး စစ်ကားပေါ် တွန်းတင်လိုက်ပါတယ်။

ဇွန်လ၁၉ရက်နေ့က အဲဒီနားမှာသူမအပါအဝင် ဖြတ်လျှောက်လာသမျှလူတိုင်းကိုပန်းပန်ထားတာဖြစ်စေ ၊ပန်းဝယ်လာတာဖြစ်စေ တွေ့တာနဲ့ စစ်ကောင်စီတပ် သားတွေက စစ်ဆေးဖမ်းဆီးနေတာကို အဆောက် အဦတစ်ခုပေါ်ကနေ တိတ်တဆိတ်ရိုက်ကူးထားတဲ့ ၄မိနစ်ကြာဗီဒီယိုဖိုင်ကသက်သေခံနေပါတယ်။ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာ စစ်ကောင်စီတပ် သားတွေ ဦးဆောင်တဲ့ ဒီလိုဖမ်းဆီးမှုမှတ်တမ်းဓာတ် ပုံနဲ့ဗီဒီယိုတွေ ထွက်ပေါ်ခဲ့ပါတယ်။

“အမေစုမွေးနေ့မှာ ပန်းဝယ်သမျှလူတွေ၊ ပန်းပန်လာတဲ့သူတွေကို သူတို့ကတွေ့ရင် စစ်တော့တာပဲ” လို့ ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦးကဆိုပါတယ်။

ဇွန်လ၁၉ရက်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈နှစ်ပြည့်မွေးနေ့မှာ တော်လှန်ရေးအင်အားစုတွေနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ၊ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပန်းသပိတ်ပြုလုပ်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။နေပြည်တော်ကအချုပ်ထောင်ထဲမှာ လူ့သက်တမ်းတစ်ဝက်ခန့်ကာလကြာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ လူထုခေါင်းဆောင်ကို ချစ်မြတ်နိုးကြတဲ့ ပြည်သူတွေက “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” လို့ကြွေးကြော်ပြီး ပန်းသပိတ်မှာ ရဲရဲတောက်ပါဝင်ခဲ့ကြပါတယ်။

ပန်းသပိတ်မှာ ပန်းပန်ပြီးပါဝင်ခဲ့ကြသူတွေရှိကြသလို လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း လူထုခေါင်းဆောင်ကျန်းမာစေဖို့၊ အားတင်းထားဖို့စတဲ့ဆုတောင်းစကားတွေနဲ့ ပါဝင်ဆင်နွှဲခဲ့ကြသူအများအပြားလည်းရှိခဲ့ပါတယ်။

“ကြောက်တာကသတ္တိမဟုတ်ဘူး။ ကြောက်ရဲ့သားနဲ့ ကိုယ်လုပ်ချင်တာကို လုပ်ရဲတာကသတ္တိပဲ"လို့ လူထုခေါင်းဆောင်ပြောကြားထားတဲ့ စာသားနဲ့အတူ နှင်း ဆီပန်းပန်ပြီး လူမှုကွန်ရက် စာမျက်နှာပေါ်ဓာတ်ပုံတင်ခဲ့တဲ့ ရန်ကုန်မြို့က လူငယ်တစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။ဖမ်းဆီးချိန်မှာ စစ်ကောင်စီတပ်သားတွေက သေနတ်တွေနဲ့ ဝိုင်းချိန်ပြီး ရာဇဝတ်သားတစ်ယောက်ကို ဖမ်းသလို ဖမ်းသွားတာလို့ ပတ်ဝန်းကျင်မှာ ရှိနေသူတွေက ပြောပြပါတယ်။

ဇွန်လ၁၉ရက်နေ့တနေ့လုံး ပန်းသပိတ်မှာပါဝင်လို့ဆိုပြီး ဖမ်းဆီးခံရသူ နိုင်ငံတဝန်း ၁၀၀ကျော် ရှိနိုင်တယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေထံကနေသိရပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ဇွန်လ၁၉ရက်တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက်ရည်ရွယ်ပြီး တော်လှန်သွေးတွေ မအေးသေးကြောင်း ပြသဖို့ ပန်းသပိတ်ကို နှစ်စဉ်ပြုလုပ်ကြတာပါ။ စစ်ကောင်စီကလည်း လူထုခေါင်းဆောင်ရဲ့ မွေးနေ့ပန်းသပိတ်မှာ ပါဝင်ဆင်နွှဲတဲ့ ပြည်သူတွေကို သေနတ်တပြင်ပြင်နဲ့ နှိပ်ကွပ်ဖမ်းဆီးခဲ့တာပါပဲ။

စစ်ကောင်စီက ပြည်သူတွေကို ဖမ်းဆီးတာတွေ၊ သတ်ဖြတ်တာတွေက ဇွန်လ၁၉ရက်နေ့ တစ်ရက်တည်းမဟုတ်ပါဘူး။ အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ကစလို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားအစိုးရ ခေါင်းဆောင်တွေ၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးသတ်ဖြတ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ပန်းပန်လာသူတွေကို သေနတ်တကား ကားနဲ့ ဖမ်းဆီးတဲ့ မြင်ကွင်းတွေကတော့ မြင်သာထင်သာရှိတဲ့ အကျည်းတန်တဲ့မြင်ကွင်းဖြစ်သလို စစ်ခေါင်း ဆောင်နဲ့ နောက်လိုက်တွေရဲ့ သူရဲဘော ကြောင်တဲ့လုပ်ရပ်လို့ ပြည်သူတွေက မှတ်ချက်ပြုပါတယ်။

“သက်မဲ့ ပန်းလေးတွေကိုတောင် ကြောက်နေတာကတော့ သူတို့ဘက်က စစ်ရေးမှာနိမ့်ကျနေတာကိုပြသနေတာပါပဲ” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုအလုပ်ကော်မတီဝင် ဒေါက်တာမေဝင်းမြင့်က ကောက်ချက်ချပါတယ်။

အာဏာသိမ်းစက “ခေတ်ကိုပြောင်းချင်ရင် ခေါင်းကိုပစ်” လို့ ယတြာလိုလို၊ ဆောင်ပုဒ်လိုလို ကြွေးကြော် သံနဲ့ လူထုအပေါ်ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့စစ်ကောင်စီတပ်ကို ပြည်သူလူထုက လက်နက်စွဲ ကိုင် တိုက်ခိုက်နေကြတာ နှစ်နှစ်ကျော်ကာလ ရောက်လာပါပြီ။အခုတော့အာဏာသိမ်းစစ်တပ်ဟာ ပြည်သူ့ခုခံစစ်ကိုလေကြောင်းမပါဘဲ မတိုက်ရဲတော့သလို သူအုပ်ချုပ်မှုနယ်မြေ‌တွေ တဖြည်းဖြည်းလက်လွှတ်ဆုံးရှုံးရတဲ့အထိကို စစ်ရေးအခြေအနေနိမ့်ပါးလာနေပါတယ်။

ဒါကြောင့်လည်း စစ်ကောင်စီယန္တရား လှုပ်လီလှုပ်လဲ့လည်ပတ်နေဆဲ လက်ကျန်မြို့တွေမှာအုပ်ချုပ်ရေးအာဏာအသက်ဆက်ဖို့အတွက် ပန်းပန်တဲ့သူတွေကိုတောင် သေနတ်‌ထောက်ဖမ်းဆီးနေတာလို့လည်း အညာဒေသက တော်လှန်ရေးရဲဘော်တွေ ပြောပါတယ်။

စစ်ကောင်စီခြေချခွင့်မရတော့တဲ့ တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့နယ်မြေအချို့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို အရောင်စုံပန်းတွေ ပန်ပြီးခြိမ့်ခြိမ့်သဲသဲ ကျင်းပနိုင်နေပါပြီ။တတိုင်းပြည်လုံး ဒေသအနှံ့မှာ ပန်းတွေကိုလွတ်လွတ်လပ်လပ် ပန်ဆင်ပြီး လူထုခေါင်းဆောင်ရဲ့မွေးနေ့ကို ပျော်ပျော်ပါးပါး ကျင်းပနိုင်မယ့်နေ့ရက်ကိုရောက်ဖို့အတွက် နည်းပေါင်းစုံနဲ့ကြိုးစားနေကြတယ်လို့ တော်လှန်ရေးအဖွဲ့တွေက သတင်းစကားပါးပါတယ်။

" ပန်းပန်သူကို သေနတ်နဲ့ချိန်တာကတော့ စစ်ခေါင်းဆောင်ရဲ့ လိပ်ပြာမလုံတော့တဲ့ ကြောက်စိတ်ကလာတဲ့ အမိန့်တွေပါ။ အမေစုအပေါ် သူ အနိုင် ကျင့်ထားတာတွေက သူ့ကို ‌ခြောက်လှန့်နေပါပြီ" လို့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁၇)ရဲ့ ဒုတပ်ရင်းမှူးကိုနေနိုင်က ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့အခြေစိုက် B-21 PDF ရဲ့တာဝန်ရှိသူလည်းဖြစ်တဲ့ ကိုနေနိုင်က အဲ့ဒီနေ့မှာ နှင်းဆီပန်းအနီရဲရဲတွေ အပွင့်ပေါင်းရာချီ ဝယ်ပြီး မြို့ခံလူထုကို မွေးနေ့လက်ဆောင်လိုက်ပေးခဲ့ပါတယ်။ ခွန်အားဖြည့်မိငယ်သီချင်းကို စည်းချက်ညီညီ သီဆိုရင်း လိုက်ဝေခဲ့တာပါ။ စစ်ကျွန်မခံတဲ့ သူတို့ မြို့လေးမှာ ကိုနေနိုင်တစ်ယောက် သူချစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ မွေးနေ့ကို နောက်ကျောလုံလုံ ကျင်းပနိုင်ခဲ့ပါတယ်။ ဒါဟာ ပန်းနဲ့သေနတ်စီးချင်းထိုးပွဲမှာ ရဲရင့်ဖြူစင်တဲ့ ပန်းတွေက အကြောက်တရားအငုံ့စိတ်ရှိနေတဲ့ သေနတ်ပြောင်းဝတွေကို အနိုင်ရနေတာလို့ ကိုနေနိုင်က ယုံကြည်နေပါတယ်။

ယင်းမာပင်ခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃၅) ရဲ့ တပ်ရေးဗိုလ်ကြီးကိုဆံရှည်ကလည်း လူထုအနေနဲ့ စစ်အာဏာရှင်တော်လှန်ရေးကို တက်ညီလက်ညီ တစ်ချီထပ်ရုန်းလိုက်မယ်ဆိုရင် နိုင်ငံတဝန်းက ပြည်သူတွေဦးခေါင်းထက်မှာ ပန်း ပေါင်းစုံပန်ဆင်နိုင်မယ့်နေ့ကို အမြန်ဆုံးရောက်လာလိမ့်မယ်လို့ ဆိုပါတယ်။ နောက်ပြီး သူ့ ယုံကြည်ချက်ကို အခုလို ဖွင့်ဟလာပါတယ်။

" ပန်းလေးတစ်ပွင့်ပန်လာတဲ့သူကို သေနတ်ပြောင်းဝတွေ ချိန်နေရတာက သူတို့ကိုယ်တိုင် မသိတဲ့ သူတို့ရဲ့ အကြောက်တရားပါပဲ။ တနေ့၊ သေနတ်ပြောင်းဝတွေ အောက်စိုက်သွားမှာပါ။ ပန်းတွေ လှလှပပ ပွင့်လန်းတဲ့တနေ့ ရောက်လာတော့မှာပါ"

စာတည်း - မောင်ကြီး

#mizzima

#ပန်းနဲ့သေနတ်စီးချင်းထိုးပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly