“မမအားနဲ့မိစ္ဆာရှင်းဖို့ ပဲခူးမြေကိုထောက်ကူစို့” ကျပ်သိန်း ၅,၀၀၀ ကမ်ပိန်း ပြုလုပ်

By သွင်ထူးဈာန် (မဇ္ဈိမ)
21 June 2023
“မမအားနဲ့မိစ္ဆာရှင်းဖို့ ပဲခူးမြေကိုထောက်ကူစို့” ကျပ်သိန်း ၅,၀၀၀ ကမ်ပိန်း ပြုလုပ်

ပဲခူးတိုင်းအတွင်း စစ်ရေးလှုပ်ရှားနေသည့် ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က “မမအားနဲ့မိစ္ဆာရှင်းဖို့ ပဲခူးမြေကိုထောက်ကူစို့” ကျပ်သိန်း ၅,၀၀၀ ကမ်ပိန်းကို ဇွန်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ခံစစ်မှ ထိုးစစ်အသွင် ကူးပြောင်းနိုင်ရန်အတွက် လိုအပ် သော လက်နက်တပ်ဆင်ရေး၊ ကျည်ဖြည့်တင်းနိင်ရေး၊ ရိက္ခာဖြည့်တင်းနိုင်ရေး၊ အထွေထွေသယ်ယူပို့ ဆောင်ရေး၊ စစ်ဆင်ရေးကို မဟာဗျူဟာကျကျ ဆောင်ရွက်နေသော တိုင်းအတွင်းရှိ တပ်ခွဲနှင့် စစ်ကြောင်း များကို တိုက်ရိုက်ထောက်ပံ့နိုင်ရန်အတွက် ပြည်တွင်းပြည်ပမှ ညီအကိုသွေးချင်းများအား ပူးပေါင်းကူညီ လှူဒါန်းပေးကြရန် နှိုးဆော်ထားသည်။

“ပဲခူးတိုင်းထဲမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို လက်နက်ကြီးထောက်ပံ့ပေးဖို့ စလုပ်တာ။ မဲရောင်းတာ တော့ အခုပထမအကြိမ်စလုပ်တာပေါ့။ အဓိကတော့ ကျနော်က မဲလည်းရောင်းသလို အလှူငွေလည်း လက်ခံမယ်ပေါ့နော်။ ပဲခူးတိုင်းထဲမှ လက်နက်ကြီးနဲ့ စစ်ဆင်ရေးလုပ်နိုင်ဖို့ အခုလို ကမ်ပိန်းပြုလုပ်ရတာ ပါ”ဟု ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူ ကိုမျိုးကိုကို ပြောသည်။

“ပဲခူးတိုင်းရဲ့ စစ်ရေးလှုပ်ရှားမှုကတော့ ကျနော်တို့တောက်လျှောက် ရိုးမဘက်ရော၊ မဟာမိတ်တွေနဲ့ပါ ပူးပေါင်းပြီးတော့ စစ်ကောင်စီကို တိုက်ခိုက်နေတာရှိတယ်။ ဥပမာဆိုရင် ကျနော်တို့ နတ်သံကွင်း စစ်ဆင် ရေးဆိုရင် အောင်အောင်မြင်မြင်နဲ့ ကျနော်တို့လုပ်နိုင်ခဲ့တယ်။ အဲဒီထပ်ပိုပြီးတော့ စစ်ဆင်ရေးဖော်ဆောင် နိုင်ဖို့အတွက် လိုအပ်တဲ့လက်နက်ကြီးတွေ ဖြည့်တင်းဖို့အတွက်ပါ”ဟု ၎င်းက ပြောသည်။

နိုင်ငံအလိုက် ကံစမ်းမဲလက်မှတ် ဈေးနှုန်းများသတ်မှတ်ထားပြီး ဆုအသီးသီး မဲဖောက်သွားမည်ဖြစ် ကြောင်းသိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူးတိုင်း

#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

#လက်နက်ကြီးထောက်ပံ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly