မော်လမြိုင်-ရေးလမ်းပိုင်းတွင် KNLA ၊ PDF များက ဆက်ကြေးကောက်ပြီး ကားသမားများအား ရိုက်နှက် သည်ဟု သတင်းမှားဖြန့်

By JC (မဇ္ဈိမ)
21 June 2023
မော်လမြိုင်-ရေးလမ်းပိုင်းတွင် KNLA ၊ PDF များက ဆက်ကြေးကောက်ပြီး ကားသမားများအား ရိုက်နှက် သည်ဟု သတင်းမှားဖြန့်

မွန်ပြည်နယ်၊ မော်လမြိုင်-ရေးလမ်းပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များက ခရီးသွားများထံမှဆက်ကြေးကောက်ပြီး ကားသမား အချို့ကို ရိုက်နှက်ခဲ့ကြောင်း ဖြန့်ဝေလျက်ရှိနေသည်။ ယင်းမှာ မှားယွင်းနေသည်။

Ba Nyut တယ်လီဂရမ်ချန်နယ်တွင် ဇွန်လ ၁၈ ရက်နေ့က “မော်လမြိုင်-ရေး-ထားဝယ် လမ်းပိုင်းမှာ ယာဥ်ငယ် ၅ သောင်း၊ ယာဉ်ကြီး ၁ သိန်း၊ ဆိုင်ကယ် ၃ သောင်းနှုန်းထားဖြင့် ဆက်ကြေးကောက်နေကြတဲ့ KNLA နဲ့ PDF များရဲ့ လှုပ်ရှားမှုများဖြစ်ပါတယ်” (မူရင်းအရေးအသားအတိုင်း) ဟုဆိုကာ ကားသမား အချို့ကိုလည်း ရိုက်နှက်မှုများပြုလုပ်ခဲ့ကြောင်းရေးသားပြီး ဓာတ်ပုံငါးပုံနှင့်အတူ ဖော်ပြထားသည်။

အဆိုပါအကြောင်းအရာကို စစ်ကောင်စီတပ်ကို ထောက်ခံသည့် တယ်လီဂရမ်ချန်နယ် ရှစ်ခုတွင်လည်း ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၃၈,၀၀၀ ကျော်ရှိနေသလို ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။

အဆိုပါဓာတ်ပုံများသည် ဇွန်လ ၁၈ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)၊ PDF များ ပူးပေါင်းဖွဲ့စည်းထားသည့် တောင်ပိုင်းတိုင်း J.O.C ၊ အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ “ KNLA၊ PDF ပူးပေါင်းစစ်ကြောင်းက ရေးမြို့နဲ့ သံဖြူဇရပ်မြို့ကြားရှိ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ် လုံခြုံရေးရယူစစ်ဆေး”ဟု ဖော်ပြမှုမှပုံများဖြစ်သည်။ လင့် - t.ly/f_Tr

မူရင်းဖော်ပြမှုတွင် ဓာတ်ပုံကိုးပုံပါရှိပြီး ဘညွှန့်၏ ဖော်ပြမှုတွင်မူ ပြည်သူများနှင့်ကာကွယ်ရေးတပ်ဖွဲ့များ ပြုံးရယ်နေသည့် ပုံများနှင့် အမိန့်ထုတ်ပြန်ချက် စာရွက်ပုံများကို ဖော်ပြခြင်းမရှိဘဲ KNLA ၊ SOF နှင့် PDF ပူးပေါင်းစစ်ကြောင်းမှ လမ်းသွားလမ်းလာယာဉ်များကို တားဆီးစစ်ဆေးနေသည့် ပုံငါးပုံကိုသာ ဖော်ပြ ထားခြင်းဖြစ်သည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ ဇွန်လ ၁၈ ရက်နေ့က မော်လမြိုင်-ရေး-ထားဝယ် လမ်းပိုင်း၌ ခရီးသွားများနှင့် ကားသမားအား ပိုက်ဆံတောင်းကာ ရိုက်နှက်မှု ရှိ၊ မရှိ ကားဂိတ်များအား ဖုန်းဆက်မေး မြန်းခဲ့သည်။

ဇွန်လ ၁၈ ရက်နေ့က ကားထွက်ကြသော်လည်း ကားသမားများအား ရိုက်နှက်ကာ ပိုက်ဆံတောင်းခံရ သည့်ဖြစ်စဉ်မျိုးမရှိကြောင်း မော်လမြိုင်နှင့် ထားဝယ်ရှိ ကားဂိတ်များမှ တာဝန်ရှိသူများက မဇ္ဈိမကိုပြော သည်။

အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ ပူးပေါင်းစစ်ကြောင်းတွင်ပါဝင်သည့် ကျားဖြူစစ်ကြောင်း တပ်ခွဲ (၁)မှ တပ်ခွဲမှူး စောဝင်းဇော်ကလည်း ပိုက်ဆံတောင်းခြင်းမရှိသကဲ့သို့ ရိုက်နှက်ခြင်းလည်းမရှိကြောင်း ပြောသည်။

“ပိုက်ဆံတောင်းတာမရှိဘူး။ ကားသမားတွေကို ရိုက်နှက်တာလည်း မရှိဘူး။ ပြည်သူတွေက သူတို့ပါလာ တဲ့ မုန့်တို့၊ အအေးတို့ပေးတာတော့ ရှိပါတယ်” ဟု မဇ္ဈိမသို့ ပြောသည်။

သံဖြူဇရပ်နှင့် ရေးမြို့ကြားရှိ အမှတ်(၈)လမ်းမကြီးတွင် စစ်ဆေးမှုလုပ်ဆောင်ခဲ့သည့် တောင်ညိုစစ် ကြောင်းမှ ရဲဘော်တဦးကလည်း စစ်ဆေးသည့်အချိန်တွင် ပြည်သူများမှ ကြည်ဖြူစွာ အစစ်ဆေးခံကြ ကြောင်းနှင့် ပြည်သူများကကျွေးသည့်မုန့်ကိုပင် ပြန်လည်ဝေမျှခြင်းပြုလုပ်ခဲ့ကြောင်း ပြောသည်။

“အကုန်လုံးလည်း ပျော်ပျော်ရွှင်ရွှင်ပဲ။ အဲဒီနေ့က ကျနော်တို့ကိုကျွေးထားတဲ့ မုန့်တွေကိုတောင် ပြန်ပြီးဝေ ကျွေးခဲ့ပါသေးတယ်။ ကျနော်တို့ အဲဒီလိုလုပ်ခြင်း(ပိုက်ဆံတောင်းကာရိုက်နှက်ခြင်း)မရှိပါဘူး” ဟု လမ်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့သည့် ရဲဘော်က ပြောသည်။

စစ်ကောင်စီသည် ခရီးသွားပြည်သူများအား အကာအကွယ်ယူကာသွားလာနေသဖြင့် မော်လမြိုင်-မုဒုံ-သံဖြူဇရပ်-ရေး-ထားဝယ်-ဘိတ်တို့အား ဆက်သွယ်ထားသည့် အမှတ် (၈) လမ်းမကြီးပေါ်တွင် ယာဉ်များ အား ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ လုံခြုံရေးအရ စစ်ဆေးသွားမည်ဖြစ်ကြောင်း တပ်မဟာ (၆) KNLA ၊ တပ်ရင်း(၂၇)တပ်ရင်းမှူး စောနယ်ဒါထူး၏ လက်မှတ်ဖြင့် ဇွန်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဇွန်လ ၁၈ ရက်နေ့ နံနက် ၇ နာရီမှ ၁၁ နာရီအထိ KNLA ၊ SOF နှင့် PDF ပူးပေါင်းစစ်ကြောင်း များမှ မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမကြီးတစ်လျှောက် နေရာသုံးနေရာခွဲကာ စစ်ဆေးမှုဆောင် ရွက်ခဲ့ကြခြင်းဖြစ်သည်။ စစ်ဆေးမှုအတွင်း မသင်္ကာဖွယ်လူလေးဦးကို ထိန်းသိမ်းခဲ့ပြီး စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိရာ အသေးစိတ်ကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း တောင် ပိုင်းတိုင်း J.O.C ၊ အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံး ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ သံဖြူဇရပ်-ရေးကြားရှိ လမ်းမကြီးတလျှောက်တွင် KNLA၊ SOF နှင့် PDF များမှ ခရီသွားများအား စစ်ဆေးစဉ် မသင်္ကာဖွယ်လူလေးဦးအား ဖမ်းဆီးသွားခဲ့ကြောင်း မဲခေါင်သတင်း၊ ခေတ်သစ်သတင်းဌာန နှင့် မွန်ပြည်နယ်အခြေစိုက် သတင်းဌာနများမှ ဖော်ပြခဲ့ကြသော်လည်း ကားသမားများ ရိုက်နှက်ခံရခြင်း နှင့် ပိုက်ဆံတောင်းခံရခြင်းကိုမူ ဖော်ပြထားခြင်း မရှိကြပေ။

လင့် - t.ly/x5vs , t.ly/TeaY , t.ly/3d2NV

ထို့ကြောင့် မော်လမြိုင်-ရေးလမ်းပိုင်းတွင် KNLA ၊ SOF နှင့် PDF ပူးပေါင်းတပ်ဖွဲ့များမှ ခရီးသွားကားများ အား လမ်းကြေးကောက်ခံကာ ကားသမားများအား ရိုက်နှက်ခဲ့သည်ဟူသည့်သတင်းမှာ သတင်းမှားသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster

#Fake_News

#KNLA

#PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly