နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၁  ဇွန်  ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၁  ဇွန်  ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အရာရှိ သင်တန်းဆင်းပွဲသို့ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလမှ ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံခဲ့ပြီး သင်တန်းကို လွတ်မြောက်နယ်မြေတစ်နေရာတွင် ပြုလုပ်ခဲ့ကာ တစ်နိုင်ငံလုံးရှိ ပြည်သူ့ကာကွယ်ရေး သင်တန်းသားများတက်ရောက်ခဲ့ကြသည်ဟု NUG က ယမန်နေ့က သတင်းထုတ်ပြန်သည်။
•    ယနေ့ ဇွန် ၂၁ ရက်တွင် ကျရောက်သည့် (၁၄၈)ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အဖွဲ့အစည်း ရှစ်ခုမှ ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ ခဲ့ကြောင်း သိရသည်။
•    အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီဧရိယာတွင် ပြုလုပ်ခဲ့သော အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထောင်စုဝန်ကြီးများနှင့် အမေရိကန်ရောက် မြန်မာပြည်သူများအကြား လူထုတွေ့ဆုံပွဲမှ ရရှိလာသောအလှူငွေများကို NUG ထံသို့ လှူဒါန်းမည်ဟု ပွဲစီစဉ်သူတစ်ဦးထံမှ သိရသည်။
•    မော်လမြိုင်- ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပုံမှန် စစ်ဆေးရေး ပြုလုပ်မည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဌာန PDF စစ်ရုံးချုပ်က ကြေညာလိုက်သည်။
•    ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့က ပြုလုပ်သည့် ပြည်နယ်အဆင့် အခြေခံအမှုစစ်သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဇွန် ၁၉ ရက်စွဲဖြင့် သဝဏ်လွှာ ပေးပို့ လိုက် သည်။
•    စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဆင်အင်းရွာမှာ တပ်စွဲထားတဲ့ ပျုစောထီး ၄ ဦးသည် ဇွန် ၂၀ ရက်၊ ညနေ ၃နာရီကျော်ခန့်က စပါးသယ်ရန် ကင်းပုန်းဝပ်နေချိန် ဆင်အင်းရွာနှင့် မြင်းစီးရွာ ကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ရွှေဘိုခရိုင် တပ်ရင်း (၄) နှင့် ဆင်အင်းရွာ (ပကဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သား ၄ ဦးစလုံး သေဆုံးခဲ့သည်ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင်တော်လှန်ရေး ယနေ့ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစုနှင့် ဒေသပြည်သူများ ဦးဆောင်၍ ကနီမြို့နယ်တွင် ကျေးရွာ ၄ ရွာ စုပေါင်းကာ ဆုတောင်းသပိတ်ကို ယနေ့ ဇွန် ၂၁ ရက်၊ နံနက်ပိုင်းက ကျင်းပခဲ့သည်။
•    စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်သပိတ်ကော်မ‌တီနှင့်အတူ ယင်းမာပင်-ဆားလင်းကြီးနယ်  ရွာပေါင်းစုံသပိတ်ကော်မတီ၊ လက်ပံတောင်းတောင် လူထုသပိတ် ဦးဆောင်ကော်မတီအဖွဲ့ဝင် ရဲဘော်များပူးပေါင်း၍ လူထုလှုပ်ရှားမှုတစ်ခုကို ယနေ့ ပြုလုပ်ခဲ့ကြသည်။
•    စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာစည်ကျေးရွာတွင် ဇွန် ၂၀ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၂၀ ကျော် အမျိုးသား ၁ ဦး ကျည်စထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာ ရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက ဇွန် ၂၁ ရက်၊ နံနက်ပိုင်းကချီတက် သပိတ်မှောက်ခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ကျောက်စစ်ပုံ အမြောက်တပ်ရှိ လက်နက်တိုက်ကို ဇွန် ၁၈ ရက်၊ ညနေပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် စစ်သားအများအပြား ထိခိုက် သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ ၊ Eagle Guerrilla Force ဗိုလ်ကောက်ရိုး တပ်ဖွဲ့မှ ဒရုန်းတာဝန်ခံ ရဲဘော်စေတန်က ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ချပ်သင်းတိုက်နယ် နှင့် ကိုးထောင်ဘို့တိုက်နယ်တို့တွင် ဇွန်လ အတွင်း၌ မြွေဆိုးကိုက်ခံရသူ ၁၁ ဦးအထိ ရှိလာသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။
•    ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ဒဂုံမြို့သစ် မြောက်ပိုင်း နှင့် မြောက်ဒဂုံတို့တွင် ယမန်နေ့ ညပိုင်းက ဗုံးများပေါက်ကွဲကြောင်း‌ ဒေသပြည်သူများထံမှ သိရသည်။
•    မကွေးတိုင်း၊ ပခုက္ကူမြို့နယ် နှင့် မြိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်၊ ရဲစခန်းနှင့် ပျူစောထီးယာဥ်တန်းတို့ကို ဇွန် ၁၉ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်က မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    မန္တလေးမြို့မှ စစ်ကောင်စီလက်အောက်ခံ အမှတ် (၄) နယ်မြေရဲစခန်းကို ဇွန် ၁၉ ရက်၊ ညပိုင်းက ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့တစ်ခု ဖြစ်သော No More Dictatorship People Defense Force-NMD PDF  က သတင်းထုတ်ပြန် ထားသည်။
•    တနင်္သာရီတိုင်း၊ လောင်းလုံး နှင့် ကံပေါက်ဒေသတို့တွင် ယမန်နေ့ ဇွန် ၁၉ ရက်က တစ်ရက်တည်းအတွင်း အရပ်သား သုံးဦးကို စစ်ကောင်စီက အကြောင်းမဲ့ အကြမ်းဖက် ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
•    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအုပ်စုရှိ ရေပေါ်ရွာကို ဇွန် ၁၉ ရက်တွင် စစ်ကောင်စီတပ်က   ၁၂၀ မမ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် အသက် ၅၀ နှစ်နီးပါးအရွယ်ရှိ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများထံမှ သိရ သည်။
•    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မကွေးတိုင်း၊ အောင်လံမြို့နယ် နှင့် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် တို့တွင်  ပျူစောထီး၊ ပြည်သူ့စစ်၊ ကြံ့ဖွတ်ပါတီဝင် အုပ်ချုပ်ရေးမှူး ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး သွားကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
•    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကင်မွန်းချောင်း နယ်မြေရဲစခန်းကို ပအိုဝ်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD  Drone Team ၊ TPDF Drone Team၊ YEF Drone Team  နှင့်  KNLA ၊ PDF ၊ KRF ၊ ကျိုက်ထို (ပကဖ)ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
•    အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် မြန်မာဒုက္ခသည်များက “ ကမ္ဘာ့ဒုက္ခသည်နေ့ ” အဖြစ် ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့၌ ဇွန် ၂၀ ရက်၊ နံနက်ပိုင်းက ဆန္ဒ ပြခဲ့ကြ သည်။
•    ယမန်နေ့ကကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာနေ့ World Refugee Day တွင် LOCOA အဖွဲ့ဝင် တောင်ကိုရီးယားမှ ပြည်သူများက စစ်အာဏာရှင် ကြောင့် အတိဒုက္ခရောက်နေကြရသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

တိုင်းရင်းသား လက်နက်ကိုင်များ
•    ထိုင်းဘက်က တောင်းဆိုသည့် “ဝ” တပ်ဖွဲ့ရဲ့ တပ်စခန်း ၅ ခုကို ဖယ်ရှားပေးမည် မဟုတ် ကြောင်း “ဝ” ဒေသ၏ သတင်းများကို ထုတ်ပြန်တင်ပြနေသည့် Wa Channel က ယနေ့ ဇွန် ၂၁ ရက်တွင် ထုတ်ပြန်ဖော်ပြထားသည်။
•    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်(ဝင်းရေးမြို့နယ်) ရှိ တံခွန်တိုင်ရွာကို ဇွန် ၁၉ ရက်၊ ညနေပိုင်းက အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ - ဒူးပလာယာ ခရိုင်က ထုတ်ပြန်ထားသည်။
•    ကရင်နီ (ကယား) ပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ အမှတ် ၁၃၄ ခြေလျင်တပ်ရင်း နှင့် အမှတ် ၁၃၅ ခြေလျင် တပ်ရင်းတို့ကို ကရင်နီတော်လှန်ရေးတပ်များ နှင့် PDF တပ်များက ဇွန် ၂၀ ရက်၊ ညနေ ၃ နာရီခန့်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ တပ်ကြပ်ကြီး စာရေး အောင်ချမ်းငြိမ်း အပါအဝင် စစ်သား ၃ ဦး ထိမှန်သေဆုံးကြောင်း ဒေသခံ သတင်းရင်းမြစ် က ပြောသည်။
•    မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈)လမ်းမတွင် သွားလာနေသော မော်တော်ယာဉ်များအား လုံခြုံရေးယူစစ်ဆေးနေသည့် KNLA ၊ SOF ၊ PDF ပူးပေါင်းတပ်ဖွဲ့များရှိနိုင်မည့်နေရာသို့ စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီးများဖြင့် ဇွန် ၂၀ ရက်၊ နံနက် ၁၁ နာရီခွဲခန့်က ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း SOF တာဝန်ခံနှင့် တောင်ပိုင်းတိုင်း J.O.C ၊ အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။

စစ်ကောင်စီ
•    စစ်ကောင်စီပိုင်ဘဏ်နှစ်ခုဖြစ်သည့် နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဘဏ်(MCIB)တိုကို အမေရိကန်က စီးပွားရေးပိတ်ဆိုစာရင်းထဲ ထည့်သွင်းမည်ဟု သတင်းထွက်ပေါ်နေသော်လည်း ထိခိုက်နစ်နာမှုများ ရှိလာမည် မဟုတ်သည့်အတွက် စိုးရိမ် ပူပန်မှု မရှိရန် စစ်ကောင်စီ ဝါဒဖြန့်ချိရေး ခေါင်းဆောင် ဇော်မင်းထွန်းက ဇွန် ၂၀ ရက်က အသိပေး ပြောသည်။
•    စစ်ကောင်စီပိုင် ဘဏ်နှစ်ခုကို အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့ ကန့်သတ်မှု စာရင်းတွင် ထည့်သွင်းသတ်မှတ်မည်ဟု သတင်းထွက်ပေါ်နေသော်လည်း နိုင်ငံခြားငွေဖြင့် ကုန်သွယ်ငွေ ပေးချေသည့် ဝန်ဆောင်မှုများကို စနစ်တကျ ဆက်လက် ဆောင်ရွက် ပေးသွားမည်ဟု စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန် ၂၀ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
•    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အနီး၌ စက်ပျက်၍ မြန်မာ့ပင်လယ်ပြင်အတွင်း မျောပါနေသော ကုန်တင်ရေယာဉ်တစ်စီးကို စစ်ကောင်စီရေတပ်က ဇွန် ၁၈ ရက်၊ ညနေ ၄ နာရီခန့်တွင် ကူညီ ကယ်ဆယ် ပေးခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။
•    ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ "မြတ်မောင်"စိန်ရွှေရတနာဆိုင်အား ဇွန် ၁၈ ရက်၊ ညနေပိုင်းက ဓားပြတိုက်ခဲ့သူများကိုစစ်ဆေးရာမှ တွံတေးမြို့ပြပြောက်ကျား အဖွဲ့ဝင်များ ပါဝင်ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
•    ရန်ကုန်လေဆိပ်ကို စီမံခန့်ခွဲ လည်ပတ်နေသော အေးရှားဝေါလ်ကုမ္ပဏီလက်အောက်ခံ Yangon Aerodrome Company Limited မှ လုပ်ငန်း ဒါရိုက်တာ လေတပ် ဗိုလ်မှူးဟောင်း ရဲခိုင် အသတ် ခံရပြီးနောက် ယင်းကုမ္ပဏီတွင် တာဝန်ထမ်းနေသော စစ်မှုထမ်းဟောင်း ဝန်ထမ်းများ အားလုံး လက်နက်တပ်ဆင် ကိုင်ဆောင်ကြမည်ဖြစ်ကြောင်း အေးရှားဝေါလ်နှင့်နီးစပ်သော သတင်း ရပ်ကွက်ထံမှ သိရှိချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။

ဇွန် ၂၁ ရက် သုံးသပ်ချက်
•    စစ်ကောင်စီပိုင် ဘဏ်နှစ်ခုကို အမေရိကန်က ပိတ်ဆို့အရေးယူမည်ဆိုသည့် သတင်းကြောင့် စိုးရိမ်ပူပန်မှု မရှိရန် စစ်ကောင်စီဘက်က ပြောနေသော်လည်းအမှန်တကယ် မြန်မာ့စီးပွားရေး အပေါ် ရိုက်ခတ် မှုများရှိလာနိုင်ပြီး ဒေါ်လာငွေ လည်ပတ်စီးဆင်းမှုများ ပိုမို ကျပ်တည်းလာ နိုင်သည်။ 
•    စစ်ကိုင်းတိုင်း၊ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်နေ့စဉ်တိုက်ပွဲများရှိသလို မြန်မာနိုင်ငံ တောင်ပိုင်းဒေသများဖြစ်သည့် ရေး၊ထားဝယ်၊တနင်္သာရီတို့တွင်လည်း တိုက်ပွဲများ ခပ်စိတ်စိတ် ဖြစ်လာသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required