စစ်ကောင်စီလက်အောက် နေရပ်စွန့်ခွာရမှုအခြေအနေ ပိုမိုဆိုးဝါးလာ

စစ်ကောင်စီလက်အောက် နေရပ်စွန့်ခွာရမှုအခြေအနေ ပိုမိုဆိုးဝါးလာ

ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း အာဏာသိမ်းစစ်တပ်၏ အတောမသတ်သည့် တိုက်ခိုက်မှုများကြောင့် နိုင်ငံတွင်း၌ အသေအလဲ ဖြစ်နေခဲ့သော နေရပ်စွန့်ခွာရမှုနှင့် လူသားချင်းစာနာမှု အခြေအနေကို ထပ်မံ၍ အကြီးအကျယ် ဆိုးဝါးစေခဲ့ကြောင်း လူသားချင်းစာနာမှု အဖွဲ့အစည်း Progressive Voce က ပြောသည်။
နေရပ်စွန့်ခွာရမှုများကို ဖြစ်စေသည့် ဇာစ်မြစ် အကြောင်းရင်းမှာ မြန်မာစစ်တပ်နှင့် ယင်း၏ တိုင်းရင်းသားလူနည်းစုဧရိယာများ၌ ဆယ်စုနှစ်များကြာ ဖိနှိပ်မှုပင် ဖြစ်သည်။ စစ်တပ်သည် အထမမြောက်သော အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံအလယ်ပိုင်း ဗမာ အများစု နေထိုင်ရာ ဧရိယာများတွင် ဖိနှိပ်မှုများကို တိုးချဲ့လုပ်ဆောင်နေခဲ့သည်။ အာဏာသိမ်းစစ်တပ်၏ ကျူးလွန်ဆဲ ရက်စက်ယုတ်မာသည့် ပြစ်မှုများကြောင့် လူသားချင်းစာနာမှု အကျပ်အတည်းကို ပို၍ နက်ရှိုင်းစေလျက် ရှိနေသည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုကို ၎င်းတို့ ကျူးလွန်ထားသည့် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များအတွက် တာဝန်ခံရစေရန် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ချက်ချင်းလက်ငင်းဖြစ်သည့် ခိုင်မာသော လုပ်ဆောင်ချက်များ မလုပ်ဆောင်ဘူးဆိုပါက ယင်းသည် စစ်တပ်အတွက် လုံးလုံးလျားလျား ဒဏ်ခတ်မခံရဘဲဖြင့် ယုတ်မာရက်စက်သော ပြစ်မှုများကို ဆက်လက်ကျူးလွန်စေရန် ရဲဆေးတင်ပေးရုံသာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း Progressive Voce အဖွဲ့က ပြောသည်။

၂၀၂၃ ဇွန်လ ၈ ရက်နောက်ပိုင်း နိုင်ငံအရှေ့တောင်ပိုင်း တနင်္သာရီတိုင်း သရက်ချောင်းမြို့တွင် စစ်ကောင်စီတပ်နှင့် ဒီမိုကရေစီ လိုလားသော တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများကြောင့် ကျေးရွာသူ၊ ကျေးရွာသား ၅,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ကြရသည်။ စစ်ကောင်စီ တပ်သားများသည် တော်လှန်ရေးတပ်ဖွဲ့များအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်ရုံတင်မကဘဲ ကလေးများနှင့် သက်ကြီးများအပါအဝင် ရွာသား ၃၀ ဦးထက်မနည်းကို လူသားဒိုင်းအဖြစ် အဆင်အခြင်မဲ့ အသုံးပြုခဲ့သည်။

၂၀၂၃ ဇွန်လ ၇ ရက်ကလည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် တမင် ပစ်ခတ်ခြင်းကြောင့် လူ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ကြရသည်။ အချိန်ကြာရှည်စွာ နေရပ်စွန့်ခွာရမှုကြောင့် ဧက ၄,၀၀၀ ရှိ ဧရိယာတစ်ခုတွင် ပြည်သူများမှာ သီးနှံများ စိုက်ပျိုးနိုင်ခြင်းမရှိသည့်အတွက် ပဋိပက္ခဒဏ်သင့် ပြည်သူများအတွက် စားနပ်ရိက္ခာ အထောက်အပံ့များ ရှားပါးမည့် အန္တရာယ်ကို ဖြစ်စေသည်။ မုတ်သုံရာသီ စတင်မှုနှင့်အတူ အမိုးအကာ၊ အစားအစာ၊ ဆေးဝါးများနှင့် အခြား အခြေခံပစ္စည်းများ အသည်းအသန် လိုအပ်နေသည့် နေရပ်စွန့်ခွာကြရသူများ၏ အခြေအနေမှာ ပို၍ပင် ကြီးလေးလာနေသည်။ ၎င်းတို့သည် အရေးပေါ် အထောက်အပံ့များကို အရေးတကြီး လိုအပ်နေသည်။
အလားတူ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ၏ အမာခံနယ်မြေတစ်ခု ဖြစ်လာနေသည့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် စစ်ကောင်စီတပ်၏ အရှိန်မြင့်နေသော တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာရသူဦးရေကို မြင့်တက်စေခဲ့သည်။

၂၀၂၃ ဇွန်လ ၉ ရက်တွင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့များက လေကြောင်းရော၊ မြေပြင်ရောတွင် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ကျေးရွာ ၁၀ ရွာမှ ပြည်သူ ၅,၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ တိုက်ခိုက်မှုများနောက်ပိုင်း နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ခြင်းကြောင့် နေအိမ်ရာချီ ပျက်စီးခဲ့ရသည်။
ဇွန်လ ၉ ရက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များက ခင်ဦးမြို့ ကျေးရွာတစ်ခုကို ဝင်ရောက်ပြီး ရွာသူရွာသားများ၏ အိမ်များကို မီးရှို့ကာ သိုးအကောင်ရေ ၅၀ နှင့် နွားခြောက်ကောင် အပါအဝင် ပြည်သူတို့၏ ခြံမွေးတိရစ္ဆာန်များနှင့် ပစ္စည်း ဥစ္စာများကို ယူဆောင်သွားကြသည်။ အဆိုပါ ဖြစ်စဉ်များမှာ မြန်မာနိုင်ငံတစ်ဝန်း အာဏာသိမ်းစစ်တပ်က ပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေး လုပ်ဆောင်ခြင်း၏ ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်းမှ ဥပမာများပင် ဖြစ်သည်။

အရပ်သား ဧရိယာများကို တမင်ရည်ရွယ် ပစ်မှတ်ထားပြီး မီးရှို့တိုက်ခိုက်မှုများ လုပ်ဆောင်လျက် တစ်ပြိုင်နက်တည်းတွင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများအပြင် ပြည်သူတို့၏ ပစ္စည်းဥစ္စာများနှင့် အစားအစာ သိုလှောင်ထားမှုတို့ကို ဖျက်ဆီးခြင်းနှင့် ခြံမွေးတိရစ္ဆာန်များကို လုယူခြင်းတို့က ပုံစံတစ်ခု ဖြစ်လာခဲ့သည်။ တစ်ချိန်တည်းတွင် တော်လှန်ရေး လှုပ်ရှားမှုသည် မြေပြင်တွင် ဆက်လက် အရှိန်ရလာနေသည်။

ပြီးခဲ့သည့် နှစ်နှစ်တာအတွင်း ပြည်တွင်း အစုအဖွဲ့များနှင့် ခုခံနိုင်စွမ်း အားနည်းသော ပြည်သူများသည် အသစ်အသစ်သော၊ အချိန်ရှည်လျားသော နေရပ်စွန့်ခွာရမှုများနှင့် ရင်ဆိုင်ထားခဲ့ရသည်။ စစ်တပ်၏ အထမမြောက်သော အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း လူ  တစ်သန်းခွဲ ထက်မနည်း နေရပ်စွန့်ခွာထားခဲ့ရသည်။ အဆိုပါ နေရပ်စွန့်ခွာရသူများအပြင် စစ်တပ် အာဏာသိမ်းရန် ကြိုးပမ်းမှု မတိုင်မီ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် ကဲ့သို့ အိမ်နီးချင်းနိုင်ငံများရှိ ဒုက္ခသည်များနှင့် တိုင်းရင်းသားဒေသများရှိ ယခင်ရှိရင်းစွဲ နေရပ်စွန့်ခွာထားရသူများလည်း ရှိသည်။ အာဏာသိမ်းစစ်တပ်၏ ယင်းကဲ့သို့သော လုပ်ရပ်များက များမကြာမီ အချိန်တစ်ခုခုအတွင်း ရပ်တန့်လိမ့်မည် မဟုတ်ပေ။

အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် ပြစ်မှုများ ဆက်လက် အရှိန်မြင့်နေစဉ် စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ ဒုက္ခသည်များကို နေရပ်ပြန်ခေါ်မည့် လုပ်ငန်းစဉ်ကို စတင်ခဲ့ပြီး “ရှေ့ပြေးစမ်းသပ် စီမံကိန်း”တစ်ခုနှင့် စတင်လျက်ရှိသည်။ တစ်ချိန်တည်းမှာပင် ရိုဟင်ဂျာ ဒုက္ခသည်များ ပြန်လာမည်ဟု ယူဆရသော ရခိုင်ပြည်နယ်တွင် စစ်ကောင်စီသည် ၎င်းတို့ ထိန်းချုပ်မှုအောက်ရှိ ဧရိယာများ၌ မိုခါ ဆိုင်ကလုန်းဒဏ်သင့် ပြည်သူများထံ အသက်ကယ် လူသားချင်းစာနာမှု အကူအညီများ မရောက်ရှိစေရေး ဗြောင်ကျကျ ဆက်လက် ပိတ်ပင်ထားသည်။ ရိုဟင်ဂျာများ ဘေးကင်းစွာ၊ မိမိသဘောဆန္ဒအလျောက်၊ ရေရှည်ခိုင်မာပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ရေးအတွက် အခြေအနေများမှာ အသင့်မဖြစ်သေးသည်က ရှင်းလင်းနေသည်။

ပြည်သူများအပေါ် စစ်ကောင်စီက ရက်စက်ယုတ်မာသည့် ပြစ်မှုများ ဆက်လက်ကျူးလွန်နေခြင်းနှင့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဖြစ်ပေါ်သည့် လက်ရှိ လူသားချင်းစာနာမှု အကျပ်အတည်းတို့ကို ထည့်သွင်းစဉ်းစားပါက “ရှေးပြေးစမ်းသပ် စီမံကိန်း” ဆိုသည်မှာလည်း တရားဝင်ဖြစ်မှုကို လိမ်လည်တောင်းဆိုရန်နှင့် အကူအညီကို လက်နက်သဖွယ် အသုံးချရန်ရည်ရွယ်သော  စစ်ကောင်စီ၏ လုပ်ရိုးလုပ်စဉ် ကြိုးကိုင်ခြယ်လှယ်မှုပင် ဖြစ်ကြောင်း Progressive Voice က ပြောသည်။

ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေး ပရောဂျက်ကို ချက်ချင်း ရပ်ဆိုင်းရန် ဘင်္ဂလားဒေ့ရှ်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလအထူးအစီရင်ခံစာ တင်သွင်းသူ တွန်အန်ရူးစ်က မကြာသေးခင်က တိုက်တွန်းခဲ့သည်။ “ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘေးကင်းစွာ၊ ဂုဏ်သိက္ခာရှိစွာ၊ ရေရှည်ခိုင်မာစွာနဲ့ မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်မှုအတွက် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေက အထောက်အကူမဖြစ်သေးပါဘူး” ဟု ၎င်းက ပြောသည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နှင့် ကုလ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့သည် စစ်ကောင်စီကို ယင်း၏ အစီအစဉ်ကို ဆက်လုပ်စေရန် ခွင့်ပြုပေးနေသည်။ ထို့ပြင် နေရပ်ပြန်မှု မဖြစ်သေးသော်လည်း နေရပ်ပြန်ရန် စာရင်းသွင်းထားသည့် ရိုဟင်ဂျာ ဒုက္ခသည် ၂၃ ဦးအတွက် စားနပ်ရိက္ခာများကို UNHCR က ဖြတ်တောက်ခဲ့ကြောင်း RFA သတင်းအေဂျင်စီက ဖော်ပြသည်။ ထို လုပ်ဆောင်ချက်က စမ်းသပ်အစီအစဉ်၌ UNHCR လည်း ပါဝင်ပူးပေါင်းနေသည် ဆိုသည့် သက်သေတစ်ခု ဖြစ်နေပြီး နေရပ်ပြန်ရေးက မိမိသဘောဆန္ဒအလျောက်ဖြစ်လိမ့်မည် မဟုတ်ပေ။

အကယ်၍ မြန်မာအာဏာသိမ်းစစ်အုပ်စုကို ၎င်းတို့၏ အလွန်ယုတ်မာသော ပြစ်မှုများအတွက် တာဝန်ခံခိုင်းစေရန်နှင့် တုံ့ပြန်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ဆက်လက်ပျက်ကွက်နေမည်ဆိုပါက မြန်မာရှိ ပိုမိုဆိုးဝါးလာသော နေရပ်စွန့်ခွာရမှုများနှင့် လူသားချင်းစာနာမှု အကျပ်အတည်းက ရှည်ကြာနေလိမ့်မည်ဖြစ်သည်။ မြေပြင်ရှိ ပြည်သူများ၏ အသံများကို လေးစား၊ ထောက်ခံခြင်းအားဖြင့် မြန်မာရှိ ကပ်ဘေးကို ထိရောက်၊ ခိုင်မာသော နည်းလမ်းတစ်ခုဖြင့် ချက်ချင်း ကိုင်တွယ်ဖြေရှင်းရန်လိုအပ်သည်။ စစ်အုပ်စုက အာဏာလုယူချုပ်ကိုင်ရန် လူမဆန်စွာ ဆက်လက် ကြိုးပမ်းနေသော်လည်း နွေဦးတော်လှန်ရေး၊ ဒီမိုကရေစီ ခုခံတော်လှန်ရေး လှုပ်ရှားမှုနှင့် ဖက်ဒရယ် ဒီမိုကရေစီအတွက် ပြည်သူတို့၏ စိတ်ပိုင်းဖြတ်မှုတို့က ဆက်ရှိနေလိမ့်မည် ဖြစ်သည်။

ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတစ်ခုအတွက် မြန်မာပြည်သူများ၏ ဆန္ဒ လက်တွေ့ဖြစ်မြောက်စေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူတို့ကို ထောက်ခံအားပေးရမည့် အချိန်ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပြစ်မှုကျူးလွန်သော လက်ရှိ စစ်တပ် အင်စတီကျူးရှင်းကို ဖြိုဖျက်ခြင်း၊ အာဏာသိမ်းစစ်ခေါင်းဆောင်များကို နိုင်ငံတကာ ဥပဒေနှင့်အညီ တာဝန်ခံခိုင်းစေခြင်းအားဖြင့် စစ်အာဏာသိမ်းအုပ်စု ဇာတ်သိမ်းစေရေးအတွက် ဖြစ်နိုင်ဖွယ်ရှိ လုပ်ဆောင်ချက်အားလုံးကို လုပ်ဆောင်ရလိမ့်မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် လူ့အသက်များကို အချိန်မီ ကယ်တင်ရန် နေရပ်စွန့်ခွာရသည့် ပြည်သူများထံ လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့များ အသေအချာ ရောက်ရှိစေရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းခြင်း သို့မဟုတ် စစ်ကောင်စီမှတစ်ဆင့် ပေးပို့ခြင်းမပြုဘဲ အသည်းအသန် လိုအပ်နေသော လူသားချင်းစာနာမှု အကူအညီကို ပေးပို့ရန် ပြည်တွင်းရှိ အကူအညီပေးမှုအဖွဲ့များနှင့် တိုင်းရင်းသား လူသားချင်းစာနာမှု အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်၊ ထောက်ကူပံ့ပိုးရလိမ့်မည် ဖြစ်သည်။

Displacement under Myanmar junta worsening
https://www.mizzima.com/article/displacement-under-myanmar-junta-worsening
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly