တနင်္သာရီမြို့ ရေပေါ်ရွာကို  စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အမျိုးသမီး ဒဏ်ရာရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
21 June 2023
တနင်္သာရီမြို့ ရေပေါ်ရွာကို  စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အမျိုးသမီး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအုပ်စုရှိ ရေပေါ်ရွာကို ဇွန်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်က   ၁၂၀ မမ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် အသက် ၅၀ နှစ်နီးပါးအရွယ်ရှိ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ တနင်္သာရီမြို့နယ် ရေပေါ်ကျေးရွာကို ညောင်ပင်ကွင်းရွာ အခြေစိုက် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ (၅၆၁) က ပစ်ခတ်ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဆီက သိရသည်။

ထိုပစ်ခတ်မှုကြောင့်ပင် စေတီတော် တစ်ဆူ ထိမှန်ပျက်စီးသွားခဲ့ပြီး ဒေသခံ ၁၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရေကြာင်းလည်း သိရသည်။

ရေပေါ်ရွာခံ စစ်ရှောင်ဒေသခံ တစ်ဦးက “တိုက်ပွဲက ဘန်လော အနောက်ကမ်းမှာ ဖြစ်တာပါ၊ စစ်တပ်က ရမ်းသန်း ပစ်လိုက်တာကြောင့် ရွာထဲ ကျရောက်ပြီး စေတီနဲ့ လူတွေ ထိခိုက်မှု ရှိခဲ့တယ်”ဟု ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ရေပေါ်ရွာထဲသို့ ကျရောက်၍ ဒေသခံများ ကြောက်လန့်ပြီး လူဦးရေ ၁၀၀ ကျော်နီးပါး ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

“အခုက တိုက်ပွဲ ဖြစ်တာက တစ်နေရာ ရမ်းသန်းပစ်လို့ လက်နက်ကြီး ကျတာက တစ်နေရာ ဖြစ်နေတော့ ရွာသားတွေ ကြောက်လို့ ထွက်ပြေး နေရတာပါ” ဟု သမီးလှရွာ စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီး သုံးလုံးသည်၊ ရေပေါ်ရွာက ဘုရားတောင်စေတီရဲ့ ကိုယ်ထည်က ပန်းဆွဲနေရာနှင့် ခေါင်းလောင်းပုံ နေရာတို့တွင် နှစ်နေရာ ထိမှန်ခဲ့ပြီး စေတီ၏ဘေး အကာအရံတွေလည်း ထိမှန် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၁၉ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲကြောင့် သမီးလှရွာဘက်က ပြန်ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်သားများကို ပြည်သူ့ ကာကွယ်ရေးတပ်ဘက်က လိုက်လံ ထပ်မံ တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်မှု များပြားခဲ့ပြီး သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲနှင့် မဆိုင်သည့် နေရာများသို့  စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်း၊ ခြောက်မိုင်၊ ဆင်ခေါင်း၊ ဘန်လော၊ ဘန်လင်၊ သမီးလှ၊ ကော်တော၊ ရေပေါ်၊ ဘန်ကြုတ်၊ သကျက်နှင့် ကျွဲထိန်းကုန်းရွာများက ဒေသခံများ စစ်ဘေးရှောင် နေရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required