(၁၄၈)ကြိမ်မြောက် ကရင်နီအမျိုးသားနေ့သို့ NUG အပါအဝင် အဖွဲ့အစည်းရှစ်ခုမှ သဝဏ်လွှာများပေးပို့

By ဂျူချန်း (မဇ္ဈိမ)
21 June 2023
(၁၄၈)ကြိမ်မြောက် ကရင်နီအမျိုးသားနေ့သို့ NUG အပါအဝင် အဖွဲ့အစည်းရှစ်ခုမှ သဝဏ်လွှာများပေးပို့

ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် ကျရောက်သည့် (၁၄၈)ကြိမ်မြောက် ကရင်နီအမျိုးသားနေ့အခမ်း အနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် အဖွဲ့အစည်းရှစ်ခုမှ ဂုဏ်ပြုသဝဏ်လွှာများ ပေး ပို့ခဲ့ကြကြောင်း  သိရသည်။

ကရင်နီအမျိုးသားနေ့အခမ်းအနားကို စစ်ဘေးရှောင်စခန်းများအပါအဝင် ပြည်နယ်အနှံ့တွင် ကျင်းပခဲ့ပြီး ပိုမိုကောင်းမွန်သည့် ပြည်ထောင်စုအသစ်ကို တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ဦးဗညားက ပြောသည်။

“ပြည်တွင်းမှာလည်း နေရာတော်တော်များများမှာ အသေးလေးတွေပေါ့နော် ကျင်းပတာရှိတယ်။ နယ်စပ်၊ ကရင်နီဒုက္ခသည်စခန်းမှာလည်း ပုံမှန်ကျင်းပနေကြအတိုင်း ကျင်းပတာတွေရှိပါတယ်။ ကျနော်တို့ တချိန် တုန်းက သီးခြားလွတ်လပ်ခဲ့တာကို ကိုယ့်ကိုယ်ကို ဂုဏ်ယူတယ်။ သမိုင်းကိုအခြေခံပြီး ပိုကောင်းမွန်တဲ့ နိုင်ငံသစ်တစ်ခုဖြစ်အောင် ပိုစဉ်းစားနေပါပြီ” ဟု ဦးဗညားက မဇ္ဈိမကို ပြောသည်။

ကရင်နီအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ သဝဏ်လွှာတွင် အာဏာသိမ်းစစ်ကောင်စီကို ကရင်နီတမျိုးသားလုံးက လုံးဝလက်ခံခြင်းမရှိဘဲ အကြပ်အတည်းကြားမှ အခက်အခဲများကို ရင်ဆိုင်နေကြသည့်ကာလဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ပြီး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတွင် အောင်မြင်ပါစေ ကြောင်းနှင့် NUG အနေဖြင့်လည်း တော်လှန်ရေးပြီးဆုံးသည်အထိ ကရင်နီပြည်သူတစ်ရပ်လုံးနှင့် ခိုင်မာ စွာရပ်တည်ကာ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ(KNPP)၏ သဝဏ်လွှာတွင် ကရင်နီပြည်နယ်အတွင်းရှိ အင်အား စုများအားလုံး တော်လှန်ရေးတွင်ပါဝင်ကာ ကရင်နီအမျိုးသားများနှင့်  ပြည်သူလူထုတစ်ရပ်လုံး စစ် အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ကရင်နီပြည်ဖြစ်ပေါ်လာရေးအတွက် ညီညွတ်စွာဖြင့် စစ်အာဏာရှင်ကို တိုက်ထုတ် ကြရန်က တိုက်တွန်းထားသည်။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)ကလည်း ကရင်နီအမျိုးသားနေ့ကိုတိုင်တည်ကာ လူထု အားလုံး၏ နိုင်ငံရေးဦးတည်ချက်များဖြစ်သည့် စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့် အဝအာမခံနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံပေါ်ပေါက်ပြီး ပြည်နယ်အတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝကျင့်သုံးနိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကရင်နီပြည်နယ်သည် သီးခြားလွတ်လပ်သည့်နိုင်ငံတခုဖြစ်ခဲ့ပြီး စစ်အာဏာရှင်မှ အုပ်ချုပ်လာသည့် အကျိုးဆက်များကြောင့် ပဋိပက္ခများပြားလာကာ လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ် ပိုမိုသက်ဆိုးရှည် လာသည်ကိုတွေ့ရှိရကြောင်းနှင့် ၂၁ ရာစု တော်လှန်ရေးတွင် နိုင်ငံရေးဦးဆောင်မှုပြုလုပ်သွားမည့် ကရင်နီ ပြည်အတိုင်ပင်ခံကောင်စီ(KSCC)နှင့် အုပ်ချုပ်ရေးပိုင်းတွင်ဦးဆောင်မှုဆောင်ရွက်မည့် ကရင်နီပြည် ကြား ကာလအုပ်ချုပ်ရေးကောင်စီ(IEC)တို့အား ဆက်လက်ဝိုင်းရံပေးရန် ကရင်နီပြည်လူငယ်များသမဂ္ဂမှ တိုက် တွန်းထားသည်။

အလားတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ကျောင်းသားတပ်မတော်-ABSDF)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့တို့မှလည်း ခေတ်အဆက်ဆက် အာဏာရှင်စနစ်ကို ခုခံတွန်း လှန်နေကြသည့် ကရင်နီလူထု၏ စိတ်ဓာတ်ကို လေးစားဂုဏ်ယူကြောင်းနှင့် တော်လှန်ရေးပြီးဆုံးသည် အထိ မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး၊ တန်းတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိနိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့တွင် အတူတကွ လက်တွဲဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသီးသီး သဝဏ်လွှာပေးပို့ခဲ့ကြသည်။

ကရင်နီအမျိုးသားနေ့သည် ကရင်နီလူထုတခုလုံး၏ နေ့ထူးနေ့မြတ်ဖြစ်ပြီး လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများအားလုံးချုပ်ငြိမ်းကာ တန်းတူအခွင့်အရေးပြည့်ဝစွာရရှိမည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ် ပေါက်လာစေရန်မျှော်လင့်ကြောင်း ရှေ့တန်းတွင်ရောက်ရှိနေသည့် KNDF မှ ရဲဘော်တဦးက ပြောသည်။
“ဒီနေ့က ကျနော်တို့ကရင်နီထုတမျိုးသားလုံးရဲ့ နေ့ဖြစ်တယ် ခမ်းခမ်းနားနား မကျင်းပနိုင်ပေမယ့် ကျနော် တို့နေ့ကို အသိအမှတ်ပြုတယ်။ အမြန်ဆုံးငြိမ်းချမ်းဖို့နဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြည့်ဝပြန်လည်ရရှိနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု KNDF ရဲဘော်က မဇ္ဈိမကို ပြောသည်။

၁၈၇၅ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် ဗြိတိသျှအစိုးရနှင့် ဗမာဘုရင်တို့၏ နှစ်ဖက်သဘောတူညီချက်အရ သီးခြားလွတ်လပ်သော ကရင်နီပြည်အဖြစ် အသိအမှတ်အပြုခဲ့ကြရာ ထိုနေ့ကို ကရင်နီအမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့ကြသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required