နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းနည်းကို ပြန်အကဲဖြတ်ရလိမ့်မည်ဟု ကုလ ကျွမ်းကျင်သူ ပြော

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းနည်းကို ပြန်အကဲဖြတ်ရလိမ့်မည်ဟု ကုလ ကျွမ်းကျင်သူ ပြော
Photo-AFP

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာအကျပ်အတည်းအရေးအပေါ် ယင်း၏ အဓိက ကိုင်တွယ်ဖြေရှင်းနည်းကို ပြန်လည်အကဲဖြတ်ရလိမ့်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ဦးက ဇွန်လ ၂၁ ရက်တွင် ပြောကြားလိုက်သည်။

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် သဘောတူထားခဲ့သော အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်ရာတွင် တိုးတက်မှု ကင်းမဲ့နေကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလ အထူးအစီရင်ခံစာတင်သွင်းသူ သောမတ်စ် အန်ဒရူးစ်က ပြောသည်။

အာဆီယံ ငြိမ်းချမ်းရေး အစီအစဉ်သည် ပဋိပက္ခဒဏ်သင့် မြန်မာ၌ ရန်လိုအကြမ်းဖက်မှုများ ချက်ချင်း ရပ်ဆိုင်းရေး၊ ဘေးကင်းလုံခြုံသော လူသားချင်းစာနာမှု ဝင်လမ်း ဖြစ်ပေါ်ရေးနှင့် ငြိမ်းချမ်းမှု ရရှိစေရန် အားလုံးပါဝင်သော ဆွေးနွေးမှုများ လုပ်ဆောင်ရေးကို တောင်းဆိုထားသည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အနေဖြင့် အဆင့်မြင့်လယ်ဗယ် သံတမန် အစည်းအဝေးများ၌ မြန်မာစစ်ကောင်စီကို ဖိတ်ကြားခြင်း မပြုဘဲ ဖယ်ထုတ်ထားရလိမ့်မည်ဖြစ်ကြောင်း၊ ထိုသို့ မဟုတ်ဘဲ ဖိတ်ကြားပါက ယင်းသည် စစ်ကောင်စီကို တရားဝင်ဖြစ်မှု သဘောတရားတစ်ခု ကမ်းလှမ်းပေးလျက်ဖြင့် နောက်ပြန်သွားမည့် အလားအလာကို ဖြစ်စေလိမ့်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

အန်ဒရူးစ်က ဂျကာတာတွင် ရှိနေစဉ် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများသည် အာဆီယံခေါင်းဆောင်များ၏ အစည်းအဝေးများ၌ တက်ရောက်ခွင့်မရဘဲ ပိတ်ပင်ခံထားရသည်။ သို့သော် ယခုသီတင်းပတ်အတွင်း ထိုင်းသည် မြန်မာစစ်ကောင်စီနှင့် ပြန်လည်ဆက်ဆံရန် ရည်ရွယ်သော သီးခြားဆွေးနွေးမှုကို အိမ်ရှင်အဖြစ် ပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးကို အဓိကအရေးပါသော အာဆီယံနိုင်ငံများက တက်ရောက်ခြင်း မရှိခဲ့ပေ။

Intl community must reassess fundamental approach to Myanmar - UN expert
https://www.reuters.com/world/asia-pacific/intl-community-must-reassess-...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required