လီယွန်နယ် မက်ဆီရဲ့ အာဂျင်တီးနားကို လက်ခံကျင်းပဖို့ ရှားပါး အခွင့်အရေးကို ငြင်းပယ်လိုက်ရတဲ့ အိန္ဒိယ

လီယွန်နယ် မက်ဆီရဲ့ အာဂျင်တီးနားကို လက်ခံကျင်းပဖို့ ရှားပါး အခွင့်အရေးကို ငြင်းပယ်လိုက်ရတဲ့ အိန္ဒိယ

အိန္ဒိယဟာ ကမ္ဘာ့ချန်ပီယံများကို လက်ခံကျင်းပဖို့ ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် အခုလရဲ့ နိုင်ငံတကာ ချစ်ကြည်ရေးခြေစမ်းပွဲအဖြစ် လီယွန်နယ် မက်ဆီရဲ့ အာဂျင်တီးနားအသင်းကို ကြိုဆိုနိုင်မယ့် အခွင့်အရေးကို ပယ်ဖျက်လိုက်ရပါတယ်။

အာဂျင်တီးနားအသင်းဟာ ဒီလ ဇွန် ၁၂ ရက်ကနေ ဇွန် ၂၀ ရက်အထိ ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ပြီး ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ချန်ပီယံအသင်းများကို တောင်အာရှရဲ့ အားပေးကူညီမှုကြောင့် အဲဒီနေရာမှာ ဒီပွဲတွေကို ကစားဖို့ စိတ်အားထက်သန်ခဲ့တာပါ။

"အာဂျင်တီးနား FA က ချစ်ကြည်ရေးပွဲအတွက် ကျနော်တို့ထံ ဆက်သွယ်ခဲ့ပေမယ့်လည်း ဒီလိုများပြားတဲ့ ငွေကြးပမာဏကို စီစဉ်ဖို့ မဖြစ်နိုင်သေးပါဘူး"လို့ AIFF အထွေထွေအတွင်းရေးမှူး ရှာဂျီး ပရာဟာကာရမ်က တနင်္လာနေ့မှာ The Times of India ကို ပြောကြားခဲ့ပါတယ်။ “ဒီလိုပွဲမျိုး ဒီမှာဖြစ်လာဖို့ ခိုင်မာတဲ့ ပါတနာတွေရဲ့ ကျောထောက်နောက်ခံကို ကျနော်တို့တွေ လိုအပ်တယ်။ အာဂျင်တီးနားက တောင်းဆိုတဲ့ငွေကြေးမျိုး (ပွဲအခကြေးငွေအဖြစ်)က ကြီးမားပြီး ဘောလုံးလောကမှာ ကျနော်တို့ရဲ့ စီးပွားရေးအခြေအနေအရ ကန့်သတ်ချက်တွေရှိပါတယ်။”

နိုင်ငံတကာဆက်ဆံရေးအကြီးအကဲ ပါဘလို ဂျိုကွင်း ဒီဇက်ဇ်ဟာ AIFF နှင့် ဆွေးနွေးရာမှာ အာဂျင်တီးနား FA ကို ကိုယ်စားပြုခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားကို ဆွတ်ခူးပြီးကတည်းက ပရိသတ် အလိုလားဆုံး ဘောလုံးအသင်းဖြစ်လာခဲ့ပြီး မက်ဆီအသင်းရဲ့ ပွဲအခကြေးငွေက ကန်ဒေါ်လာ ၄-၅ သန်း (ရူပီး ၃၂-၄၀ ကုဋေခန့်)အထိ ဖြစ်ပါတယ်။

အာဂျင်တီးနားရဲ့ ကနဦးအစီအစဉ်မှာ တောင်အာရှမှာ ခြေစမ်းပွဲနှစ်ပွဲကစားဖို့ဖြစ်ပြီး အိန္ဒိယမှာ တစ်ပွဲနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နောက်တစ်ပွဲကစားဖို့ပါ။ ဒါပေမယ့် လိုအပ်တဲ့ ငွေကြေးတွေကို ဒီနှစ်နိုင်ငံက အချိန်တိုအတွင်း မရရှိနိုင်တာကြောင့် ကမ္ဘာ့ချန်ပီယံများအသင်းဟာ ဇွန် ၁၅ ရက်မှာ ဘေဂျင်းမှာ သြစတြေးလျအသင်းနဲ့ ကစားပြီး ဇွန် ၁၉ ရက်မှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကစားဖို့ ဖြစ်လာပါတယ်။

အာဂျင်တီးနားနဲ့ အိန္ဒိယကြား အဆင့် ကွာဟတာကြောင့် AIFF က ကမ္ဘာ့ချန်ပီယံများနဲ့ ကစားဖို့ တခြားအသင်းတစ်သင်းကို စီစဉ်ရအုံးမှာဖြစ်ပါတယ်။ အာဂျင်တီးနားဟာ ကမ္ဘာ့နံပါတ် (၁) နေရာမှာ ရပ်တည်နေပြီး အိန္ဒိယက အဆင့် (၁၀၁)နောက် အဆင့် (၁၀၀)နဲ့ ရပ်တည်နေတာပါ။

“အိန္ဒိယက (အာဂျင်တီးနား) နဲ့ ကစားရင် ကွာဟမှု အရမ်းများသွားလိမ့်မယ်”လို့ ပရာဟာကာရမ်က ဆိုသည်။

အာဂျင်တီးနား FA ရဲ့ နိုင်ငံတကာဆက်ဆံရေး အကြီးအကဲ ဒီဇက်ဇ်ဟာ ပရာဟာကာရမ်နဲ့ ဆက်လက် ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံဟာ မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ မိတ်ဖက်ဆက်ဆံရေးအတွက် နားလည်မှုတစ်ခု ရောက်ရှိလာနိုင်ပါတယ်။

“ကျနော်တို့ဟာ အာဂျင်တီးနား အက်ဖ်အေနဲ့ လက်တွဲဖို့ စိတ်ဝင်စားတယ်။ အာဂျင်တီးနားတို့ဆီကအပြင် သူတို့ရဲ့ ကလပ်အသင်းတွေကနေတောင် စိတ်ဝင်စားမှုတွေ အများကြီးရှိပါတယ်”လို့ ပရာဟာကာရမ်က ပြောပါတယ်။

ဒီနှစ်အစောပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ အာဂျင်တီးနားသံအမတ်ကြီး ဟူဂို ဂျာဗီယာ ဂေါ့ဘီဟာ ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အာဂျင်တီးနားအတွက် နိုင်ငံရဲ့ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ကယ်ရာလာ ဝန်ကြီးချုပ် ပီနာရာရီ ဗီဂျာယန်ကို နိုင်ငံအသင်းဂျာစီကို လက်ဆောင်ပေးအပ်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ အိန္ဒိယမှာ ကစားခဲ့ဖူးပါတယ်။ ၂၀၁၁ ခုနှစ်က မက်ဆီဟာ အသင်းခေါင်းဆောင်အဖြစ် ဗင်နီဇွဲလားအသင်းကို ဆားလိတ်ကွင်းမှာ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ အဲဒီပွဲကို ပရိသတ် ၈၅,၀၀၀ ကြည့်ရှုခဲ့ပါတယ်။

ဒီတစ်ကြိမ်မှတော့ာ အိန္ဒိယဟာ မက်ဆီနဲ့ အာဂျင်တီးနားတို့ကို ကမ္ဘာ့ချန်ပီယံများအဖြစ် ပထမဆုံးအကြိမ် မြင်တွေ့ခွင့်ရနိုင်ပေမယ့်လည်း ကုန်ကျစရိတ်ကြီးမားတာကြောင့် လွဲချော်ခဲ့ရပါတယ်။

Ref; The Times of India

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required