တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ပြင်းထိန်ကျေးရွာတွင် ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ဖခင်ဖြစ်သူကို စစ်ကောင်စီတပ်က အင်အားသုံး၍ နေအိမ်၌ဝင်ရောက်ဖမ်းဆီးသွားကြောင်းသိရသည်။
ဇွန်လ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် သားဖြစ်သူနှင့် အဆက်အသွယ် ရှိလားဟုမေးမြန်းကာ ကိုမင်းလွင်ဦး၏ဖခင်ဖြစ်သူ အသက် ၆၅ နှစ် အရွယ်ရှိ ဦးအောင်ဖေကို အကြမ်းဖက်ရိုက်နှက်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ မနေ့ကဖမ်းဆီးသွားတော့ ဒီမနက်မိသားစုဝင်တွေသွားတွေ့တာ ဘယ်သူနဲ့မှတွေ့ခွင့် မပေးသေးဘူးလို့ သိရတယ်။ လိုအပ်တဲ့ အဝတ်အစားနဲ့ စားစရာတွေတော့ အပြင်မှာ ပေးခဲ့ရတယ်” ဟု သားဖြစ်သူ ကိုမင်းလွင်ဦးက ပြောသည်။
၎င်း၏ဖခင်ဖြစ်သူကို စစ်ကောင်စီတပ်က နေအိမ်သို့ ကားလေးစီး၊ အင်အား ၃၀ ခန့်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပစ္စည်းအချို့ကိုဖျက်ဆီးခဲ့သည့်အပြင် ဖုန်းနှစ်လုံးနှင့် ငွေကျပ် ရှစ်သိန်းကိုပါ ယူဆောင်သွားကြောင်း ဆိုသည်။
ဖမ်းဆီးခံရသူ ဦးအောင်ဖေသည် ကျန်းမာရေးမကောင်းသည့်အပြင် အသက်အရွယ်ကြီးရင့်နေသူဖြစ်၍ ဖခင်အတွက်အလွန်စိုးရိမ်နေရသည်ဟု ကိုမင်းလွင်ဦးက ဆိုသည်။
“ ဒါကတော့ သူတို့က ကျွန်တော်ကို လိုချင်လို့ မိသားစုဝင်တွေကို ဓားစာခံ အနေနဲ့ ခြိမ်းခြောက် ဖမ်းဆီးတာပါ။ ဦးဆောင်သူကို ဖမ်းမမိတဲ့အတွက် အခုလို ဖမ်းဆီးခြင်းဟာ စစ်တပ်၏ သူရဲဘောကြောင်တဲ့ အကြမ်းဖက် လုပ်ရပ်သာ ဖြစ်တယ်” ဟု ၎င်းကဆိုသည်။
စစ်အာဏာသိမ်းပြီးချိန်မှစ၍ အကြမ်းမဖက်သည့် လူထုလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူဖြစ်ပြီး အဆိုပါလုပ်ရပ်များကြောင့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့မှ မိသားစုဝင်များအပြင် ဇနီးနှင့် ကလေးကိုပါ ဖမ်းဆီးသတ်ဖြတ်မည်ဟု မကြာခဏခြိမ်းခြောက်ခံခဲ့ရကြောင်း ကာယကံရှင်က ဆက်ပြောသည်။
ထိုအတူ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ကိုမင်းလွင်ဦး၏ မိခင်ဖြစ်သူကို စစ်ကောင်စီတပ်သားများက နေအိမ်အတွင်း အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လေးရက်အကြာတွင် ပြန်လွှတ်ပေးခဲ့ဖူးသည်။
ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကို ဖမ်းဆီးရန် စစ်ကောင်စီတပ်က ဝရမ်းထုတ်ထားဖူးပြီး ဖမ်းဆီးပေးသူကို ဆုကြေးငွေပေးမည်ဟုလည်း မက်လုံးပေး ကြေညာထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)