ဖားဆောင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား

By ဂျူချန်း (မဇ္ဈိမ)
20 June 2023
ဖားဆောင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ဇွန်လ ၁၇ ရက်နေ့မှ စတင်ကာ အင်အား ၁၂၀ ခန့်ပါ စစ်ကောင်စီလက်အောက်ခံ တပ်မ(၄၄)တပ်ဖွဲ့ နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့  တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးတင်းမာလျက်ရှိကြောင်း ဘော်လခဲPDF ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

ဇွန်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်းဖြစ်ပွားပြီး ဖားဆောင်း PDFမှ ရဲဘော်နှစ်ဦး မစိုးရိမ်ရသည့် ဒဏ်ရာ ရရှိသည်ဟု ၎င်းကပြောသည်။

“ထိတွေ့တိုက်ပွဲဖြစ်တဲ့ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းက မယ်စဲ့မြို့ကို သွားပြီးတော့ စစ်ကူဖြည့်ပေးမယ်လို့တော့ ကျနော်တို့ ယူဆပါတယ်” ဟု ဘော်လခဲPDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မယ်စဲ့မြို့ဘက်သို့ အင်အားဖြည့်တင်းရန်  မြေပြင်မှ စစ်ကြောင်းထိုးလာသော်လည်း ကြားဖြတ်တိုက်ခံနေရသဖြင့် ရိက္ခာ၊ လက်နက်နှင့် လူအင်အားကို ရဟတ်ယာဉ်ဖြင့်သာ ပို့ဆောင်နေရကြောင်း သိရသည်။

အင်အား ၁၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ဇွန် ၁၆ ရက် ညနေ ၃နာရီခွဲမှစတင်ကာ ဖားဆောင်းမြို့မှ ထွက်ခွာလာပြီး ကာကွယ်ရေးတပ်ဖွဲ့များရှိသည့် သံလွင်မြစ်အရှေ့ဘက်ခြမ်းသို့ ကူးလာသဖြင့် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်း၌ ဖားဆောင်းမြို့ ကျောက်ပန်းညိုကျေးရွာအဝင်တွင် ကင်းစောင့်နေသည့် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း ဘော်လခဲ PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ ဇွန်လ ၂၀ ရက် နံနက် ၉ နာရီခန့်တွင်လည်း ဖားဆောင်းမြို့ထဲမှ လက်နက်ကြီး သုံးချက်ပစ်ခတ်သံကြားရကာ တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်သည့် အခြေအနေဖြစ်သဖြင့် ပြည်သူများအနေဖြင့် စစ်ရေးတင်းမာနေသည့် ဖားဆောင်းမြို့၊ သံလွင်မြစ်အရှေ့ခြမ်းဘက်တွင် သွားလာခြင်းမပြုလုပ်ကြရန် ကာကွယ်ရေး တပ်ဖွဲ့များမှ အသိပေးထားသည်။

“သူတို့ကလည်း နောက်မဆုတ်သလို ကျနော်တို့လည်း နောက်မဆုတ်ဘူး။ တစ်ဖက်နဲ့တစ်ဖက် တပ်ဆိုင်နေသလိုဖြစ်နေတာ။ သူတို့ဘက်ကလှုပ်ရှားမှုရှိရင် ကျနော်တို့ ဦးရင်ပစ်တယ်။ ကျနော်တို့ဘက်က လှုပ်ရှားမှုရှိလို့ သူတို့ဘက်က ဦးရင် သူတို့က လှမ်းပစ်တယ်” ဟု ဘော်လခဲPDF ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။

ထိုဖားဆောင်းတိုက်ပွဲတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဘော်လခဲPDF အမှတ်(၁၁၀၅)၊ ဖားဆောင်း PDF အမှတ်(၁၁၀၈) ၊ လွိုင်ကော် PDF အမှတ်(၁၁၀၃) နှင့် တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့တို့ ပူးပေါင်းကာ မယ်စဲ့ဘက်သို့ အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်ပန်းညိုကျေးရွာအား ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ ည ၇ နာရီခန့်၌ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ထိုနေ့မှစတင်ကာ ကျောက်ပန်းညိုကျေးရွာအပါအဝင်၊ အနီးအနားရှိ ဝမ်အောင်းကျေးရွာ(ကရင်နီ)၊ ဝမ်အောင်းကျေးရွာ(ရှမ်း) တို့မှ ဒေသခံများ နီးစပ်ရာ တောတောင်များထဲတွင်တိမ်းရှောင်နေကြဆဲဖြစ်ကြောင်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required