မန္တလေးတွင် အိမ်စီးကား တိမ်းမှောက်ပြီး ၅ နှစ်အရွယ် ကလေးငယ်နှင့် ဖခင်ဖြစ်သူ သေဆုံး

By 007 (မဇ္စျိမ)
19 June 2023
မန္တလေးတွင် အိမ်စီးကား တိမ်းမှောက်ပြီး ၅ နှစ်အရွယ် ကလေးငယ်နှင့် ဖခင်ဖြစ်သူ သေဆုံး

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ စစ်ကိုင်း-မန္တလေးကားလမ်းပေါ်တွင် အိမ်စီးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ အသက် ၅ နှစ်အရွယ် ကလေးငယ်နှင့် ဖခင်ဖြစ်သူတို့ သေဆုံးသွားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

စစ်ကိုင်း-မန္တလေးကားလမ်း၊ ရွှေဂဲပွား ရေဆိုးထုတ် စက်ရုံအနီး ယမန်နေ့ ဇွန်လ ၁၈ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်က မိသားစုလေးဦး စီးနင်းလာသော အိမ်စီးကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"မိသားစုလေးယောက် အိမ်ကနေ ကားနဲ့ထွက်သွားပြီး သိပ်မကြာဘူး၊ ကားမှောက် တဲ့သတင်း ဝင်လာတာပဲ၊ အဲဒီနားက မကြာခဏ လုယက်မှုဖြစ်လေ့ရှိတော့ တောင်မြို့ (အမရပူရမြို့နယ်)သား တော်တော်များများက

အဲဒီနားရောက်တိုင်း အရှိန်တင်မောင်းတတ်ကြတယ်၊ ညကဖြစ်တာက ကားက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဆွဲချသွားရာကနေ သားအဖနှစ်ယောက်က အပြင်ကို လွင့်ကျပြီး ဆုံးသွားရှာတာ" ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယခုကားတိမ်းမှောက်သည့် နေရာသည် ညအချိန် လူပြတ်လေ့ရှိပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုယက်မှုများ မကြာခဏဖြစ်ပွားသည့် နေရာဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

"ကျွန်တော်တို့ရောက်တော့ သီရိဆင်ကာအသင်းကလူတွေလည်း ရောက်နေပြီ၊ အသက် ၅ နှစ်အရွယ် ကလေးတစ်ယောက်နဲ့ သူ့ဖခင်နဲ့က ကားအပြင်မှာ သေနေပြီ၊ နောက်ထပ်ကလေးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က ဒဏ်ရာနဲ့ မေ့မြောနေတယ်၊ မိသားစုလိုက်ကြီး အဖြစ်ဆိုးနဲ့ ကြုံရတာပါဗျာ၊ အဲဒီနေရာက စစ်အာဏာသိမ်းတစ်လျှောက်လုံး လုယက်မှုတွေကြောင့် မကြာခဏ Accident ဖြစ်တယ်၊ လုံခြုံမှုမရှိတဲ့ဘဝတွေ ခံနေကြရတာပေါ့ဗျာ" ဟု အခင်းဖြစ်နေရာသို့

ရောက်ရှိခဲ့သူတစ်ဦးက ပြောသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် အသက် (၃၈) နှစ်အရွယ် ဦးရဲဝင်းထွန်းနှင့် အသက် ငါးနှစ်အရွယ် မောင်ကောင်းစည်သူတို့ သေဆုံးသွားခြင်းဖြစ်ပြီး ဇနီးဖြစ်သူ

နှင့် အသက်သုံးနှစ်အရွယ်သားတစ်ဦးတို့ အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါယာဥ်တိမ်းမှောက်မှုကြောင့် သေဆုံးရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူ များကို သီရိဆင်ကာ ပရဟိတလူမှုကူညီရေး အသင်းက ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။

သေဆုံးသူ နှစ်ဦး၏ ရုပ်အလောင်းကို ယနေ့ ဇွန်လ ၁၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် အိုးထိန်းမှော်သုဿန်၌ သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

Photo - သီရိဆင်ကာပရဟိတလူမှုကူညီရေးအသင်း

စာတည်း။ ။ နောင်နောင်

#မန္တလေး

#ယာဉ်တိမ်းမှောက်

#သားဖနှစ်ဦးသေဆုံး

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly