မြန်မာ့အရေးပြဿနာများဖြေရှင်းရာတွင် ‌ဒေါ်အောင်ဆန်းစုကြည်က အရေးပါဆုံးပုဂ္ဂိုလ်ဟု NLD ထုတ်ပြန်

By ရွှေနွယ် (မဇ္ဈိမ)
19 June 2023
မြန်မာ့အရေးပြဿနာများဖြေရှင်းရာတွင် ‌ဒေါ်အောင်ဆန်းစုကြည်က အရေးပါဆုံးပုဂ္ဂိုလ်ဟု NLD ထုတ်ပြန်

စစ်အာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် အရေးပါဆုံးပုဂ္ဂိုလ်ဖြစ်ပြီး သူနှင့်တွေ့ဆုံဆွေးနွေးမှုမပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရနိုင်မည်မဟုတ်ဟုယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLDက ထုတ်ပြန်သည်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်မြောက်မွေးနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLDက ယင်းကဲ့သို့ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

" ယနေ့ထက်တိုင် ပြည်သူလူထုတရပ်လုံး၏ချစ်ခင်မြတ်နိုးမှု၊ ယုံကြည်အားကိုးမှုတို့ဖြင့် လူထုခေါင်းဆောင်ဟု သတ်မှတ်ခံထားရသူဖြစ်သလိုအနိုင်ရပါတီခေါင်းဆောင်လည်းဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့အရေးပြဿနာများကို ဖြေရှင်းရာတွင် ခြွင်းချန်ထား၍မရသော အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှရှုမြင်ပါသည်" ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဆွေးနွေးမှုမပါဝင်ဘဲ ပြေလည်ရေးလမ်းစရနိုင်မည်မဟုတ်ဟုယုံကြည်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေး အကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်နိုင်ရေးအတွက်မိတ်ဆွေနိုင်ငံများနှင့်အတူ၊ပြည်တွင်းပြည်ပမိတ်ဖက်အင်အားစုများ အားလုံးနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အသိ‌ပေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းချိန်မှစတင်၍ ၁၅နှစ်ကျော်အကျဉ်းချခံခဲ့ရပြီး၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်မှအာဏာသိမ်းသည်နှင့်တပြိုင်နက် ဖမ်းဆီးအကျဉ်းချခံထားရသည်မှာ ယနေ့အချိန်ထိ ၂ နှစ်ကျော်ပြီဟု NLD က ထုတ်ပြန်သည်။ မြန်မာပြည်သူများလိုလားတောင့်တသော ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးပန်းတိုင်သို့ ရောက်ရှိရေးကြိုးပမ်းအားထုတ်ရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးနည်းလမ်းကိုသာ တစိုက်မတ်မတ်စွဲကိုင်ခဲ့ပါသည်ဟု ရှင်းပြထားသည်။

ထို့အပြင် ပြည်သူလူထု၏ တာဝန်ပေးအပ်မှုဖြင့် အစိုးရဖွဲ့စည်းဆောင်ရွက်ခွင့်ရသည့် ၂၀၁၆ ခုနှစ် မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း လူမှုရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးများ တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့သလို ဒီမိုကရေစီနှင့်လွတ်လပ်မှုတန်ဖိုးများကိုလည်း ပြည်သူလူထုတရပ်လုံးခံစားနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့်အတွက် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး၏ ၈၂ ရာခိုင်နှုန်းကျော် ထောက်ခံမှုရရှိပြီး သောင်ပြိုကမ်းပြိုအနိုင်ရ ရှိခဲ့သည်ဟုNLDပါတီက ရှင်းပြထားသည်။

ယနေ့ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်မြောက်မွေးနေ့တွင် NLD ပါတီက အထက်ပါအတိုင်းထုတ်ပြန်သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတဒူဝါလရှီးလကလည်း ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ဓာတ်သတ္တိများကို စံပြုအတုယူရမည်ဟု တိုက်တွန်းစကား ပြောကြားပြီး တဆက်တည်းတွင် စစ်ခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးဇာတ်ခုံပေါ်မှ တွန်းချရန် အားထုတ်ခဲ့သည်ဟု ပြောသည်။

" ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားဖို့ ကြိုးစားခြင်းဟာ လူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူထုတရားမျှတမှုကို ငြင်းဖျက်တာနဲ့ အတူတူပဲလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ဟာ လူထုလွတ်လပ်ခွင့်အတွက် အမြဲတိုက်ပွဲဝင်နေကြရပါလိမ့်မယ်" ဟု ယာယီသမ္မတက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ကျရောက်သောမွေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာပြည်သူများနှင့် ပြည်တွင်းနှင့် နိုင်ငံတကာမှ စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက မွေးနေ့ပွဲအခမ်းအနားများကို ပုံစံမျိုးစုံဖြင့်ပြုလုပ်နေကြသည်။မွေးနေ့ အခမ်းအနားကို ပါဝင်ကျင်းပကြသူများ၊ သဝဏ်လွှာပေးပို့ပါသော အဖွဲ့အစည်းများနှင့် ကမ္ဘာတလွှားတွင် မွေးနေ့ပွဲကျင်းပပြီး လွတ်မြောက်ရေးအတွက်ဆုတောင်းမေတ္တာပို့သပေးပါသော လူပုဂ္ဂိုလ်အဖွဲ့အစည်းများ၊ ပြည်တွင်းတွင် မွေးနေ့အမှတ်တရ ဆောင်ရွက်ကြသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း NLD က ထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

#mizzima

#ဒေါ်အောင်ဆန်းစုကြည်

#အရေးပါဆုံးပုဂ္ဂိုလ်

#အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly