ဘုရားပန်းကပ်လှူသူများအပါအဝင် ပန်းသပိတ်နှင့်ပတ်သက်သည့်အကြောင်းအရာမျှဝေသည့် ဒေသခံ ၈၀ ကျော် ဖမ်းဆီးခံရ

By မင်းထက် (မဇ္စျိမ)
19 June 2023
ဘုရားပန်းကပ်လှူသူများအပါအဝင် ပန်းသပိတ်နှင့်ပတ်သက်သည့်အကြောင်းအရာမျှဝေသည့် ဒေသခံ ၈၀ ကျော် ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပန်းသပိတ်နှင့်ပတ်သက်သည့် အကြောင်းအရာ များမျှဝေသည့် ဒေသခံ ၈၀ ကျော်ကို ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်သားများနှင့် ရဲများက လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ ပျူစောထီး၊ အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်၊ မီးသတ်၊ ရဲနှင့် စစ်ကောင်စီတပ်သား များက မြို့ပေါ်လမ်းမကြီးများဘေး ဝဲ၊ ယာတွင်ရှိသည့် နေအိမ်များကို ဓာတ်ပုံလိုက်ရိုက်ပြီး သတင်းရယူခဲ့ သည်။

ထို့နောက် နေအိမ်များရှိဘုရားစင်များ၌ နှင်းဆီပန်းကပ်လှူပူဇော်ထားခြင်း၊ လူမှုကွန်ရက်တွင် ပန်းသပိတ် နှင့်ပတ်သက်သည့် အကြောင်းအရာများကို မျှဝေခြင်းများကိုတွေ့ရှိပါက နေအိမ်အတွင်းထိ လိုက်လံ ဖမ်းဆီးခြင်းများပြုလုပ်ခဲ့သည်ဟု ဒေသခံတဦးကပြောသည်။

“မနက် ၈ နာရီမှာ အိမ်တွေကိုလိုက်စစ်ပြီး ၉ နာရီလောက်ကစပြီး လူတွေကို လိုက်ဖမ်းနေတာ။ လူ ၈၀ ကျော်လောက် အဖမ်းခံလိုက်ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ၊ ပန်းပုံတွေ Facebook မှာ တင်ထား ရင်လည်း အဖမ်းခံရတယ်” ဟု ၎င်းကဆိုသည်။

အမျိုးသမီးအများအပြားအဖမ်းခံခဲ့ရပြီး ၎င်းတို့သည် တော်လှန်ရေးအင်အားစုများနှင့် ပတ်သက်သူများ လည်းမဟုတ်ကြောင်း မော်လမြိုင်ကျွန်းမြို့ခံက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများအနက် ငါးဦးကို စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများက ပြန်လွှတ်ပေးခဲ့ပြီဟု သိရပြီး ကျန်သူများကို မော်လမြိုင်ကျွန်းရဲစခန်း၌ ဆက်လက်ဖမ်းဆီးထားကြောင်း ကနဦးသိရသည်။

ဒေသခံများမှပေးပို့သည့်သတင်းများအရ ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်အထိ ဒေသခံ ၈၀ ခန့်ကို ဆက် လက်ဖမ်းဆီးထားဆဲဖြစ်သည်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့်မွေးနေ့ဆုတောင်းပွဲအခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြန်မာနိုင်ငံများက ပုံစံမျိုးစုံဖြင့် ကျင်းပပြုလုပ်လျက်ရှိသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#ဘုရားပန်း

#ပန်းသပိတ်

#မော်လမြိုင်ကျွန်းမြို့

#ဖမ်းဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly