နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၉  ဇွန်  ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၉  ဇွန်  ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ မြန်မာ့နိုင်ငံရေး ပြေလည်ရေးလမ်းစ ရရှိမည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ထုတ်ပြန်သည်။ 

  • ယနေ့ကျရောက်သည့် ပြည်သူ့ခေါင်းဆောင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့် မွေးနေ့အခါသယတွင် ပြည်တွင်း၊ ပြည်ပတွင် ရောက်ရှိနေကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးနှင့် တကွ ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး ဘေးကင်းလုံခြုံကြပြီး ကပ်ကြီး (၃) ပါး ကျော်လွှားနိုင်ကြ ပါစေကြောင်း ဆုတောင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။ 

  • အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ယနေ့ ဇွန် ၁၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်​၏ ၇၈ နှစ်ပြည့် မွေးနေ့ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာရွှေပုံ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေ တို့နှင့်အတူ CDM စစ်သည်နှင့် ရဲမိသားစုဝင်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၈)နှစ်ပြည့် မွေးနေ့ပွဲကို လွတ်မြောက်နယ် တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ 

  • ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့အကြား ဇွန် ၁၆ ရက်က တွေ့ဆုံခဲ့ပြီး CDM ကျောင်းသားများ နှင့် တော်လှန်ရေးသမားများအတွက် ရှေ့ဆက်ပညာ သင်ယူနိုင်ရေး အစီအစဉ်များကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ နှင့် တနင်္သာရီတိုင်း၊ ဧရာဝတီ တိုင်း၊ ပဲခူးတိုင်းတို့တွင် ရှိသည့် မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၁၈ ရက်၊ နံနက် ၁၀ နာရီတွင် ပြုလုပ် ခဲ့ကြ သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီနိုင်ငံများဖြစ်သော ဂျပန်နိုင်ငံနှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများသည် အာဏာသိမ်းစစ်တပ် နှင့် ပတ်သက်၍ မသိကျိုးကျွန် ပြုခြင်းများနှင့် အကြောင်းအမျိုးမျိုးပြကာ စစ်အစိုးရအား ဆက်လက်အားပေးနေခြင်းကို စိတ်မကောင်းဖွယ်ရာတွေ့ရကြောင်း နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခ) Kim Aris က ယနေ့ ဇွန် ၁၉ ရက်တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့်မွေးနေ့ ဆုတောင်းတွင် ထည့်သွင်းပြောသည်။ 

  • ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိပြန်လွှတ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Mr. Christian Lechervy က ထပ်မံ တောင်းဆို လိုက်သည်။ 

  • အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် မြန်မာ့အရေးကို ဖြေရှင်းရန် ကြိုး စားနေပြီး ထိုင်းအိမ်စောင့် စစ်အစိုးရက စီစဉ်သည့် မြန်မာ့အရေး ဆွေးနွေးပွဲ မတက်နိုင်ကြောင်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီး Retno Marsudiက အကြောင်းပြန်လိုက်သည်။ 

  • ထိုင်းအိမ်စောင့် စစ်အစိုးရက ဦးဆောင် ပြုလုပ်သည့် မြန်မာ့အရေးဆွေးနွေးပွဲသို့ မလေးရှားနိုင်ငံ အနေဖြင့် တက်ရောက်မည်မဟုတ်ဘဲ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှား၏ ဆောင်ရွက်ချက်နှင့် အာဆီယံထိပ်သီးအစည်းအဝေး၏ ဆုံးဖြတ် ချက်များအတိုင်း ဆက်လက် ရပ်တည် ဆောင်ရွက် သွားရန် အရေးကြီး ကြောင်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက တရားဝင် သတင်း ထုတ် ပြန်သည်။ 

  • ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ အပြင်းအထန်ဝေဖန်မှုကို ခံနေရသည့် ထိုင်းအစိုးရက ဦးဆောင်ကျင်းပသော မြန်မာ့အရေး ဆွေးနွေးပွဲမှာ ကမ္ဘောဒီးယားနိုင်ငံမှ လွဲ၍ အဓိကကျသည့် အာဆီယံနိုင်ငံအများစု မတက် ရောက်ကြကြောင်း ရိုက်တာ သတင်းတစ်ရပ်အရ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ပန်းပန်ထားသည့် အမျိုးသမီး နှစ်ဆယ်ဝန်းကျင်ကို စစ်ကောင်စီ က ယနေ့ ဇွန် ၁၉ ရက်၊ နံနက်ပိုင်းတွင်ဖမ်းဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန် ၁၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အဖြစ် ပန်းသပိတ်ပြုလုပ် ချီ တက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့အဖြစ် "အမေစု" ဆိုသော စာသားကို ကျောင်းသားများက ပုံဖော် ဂုဏ်ပြုကြကြောင်း သိရ သည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အဖြစ် ပန်းသပိတ် ပြုလုပ် ချီတက် ဆန္ဒ ပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့ဆုတောင်းပွဲကို ဇွန် ၁၉ ရက်တွင် ကျောင်းသားကျောင်းသူ ကလေးသူငယ်များ စုပေါင်းပြီး ပန်းသပိတ်အဖြစ် ချီတက်ဆန္ဒပြခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်တပ်ရင်း ၂၁ မှ ရဲဘော်များနှင့် ပြည်သူများ ပူးပေါင်း၍ ဒေါ်အောင်ဆန်း စုကြည် မွေးနေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ဘေးရှောင် ကျောင်းသား ကျောင်းသူ များကို ယနေ့ ဇွန် ၁၉ ရက်တွင် ကြာဇံဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး ပန်းသပိတ်ပါ ပြုလုပ်ခဲ့ကြောင်း၊ စစ်ရှောင်ကျောင်းမှ ကလေးငယ်များအတွက် ဗလာမပါ ကံစမ်းမဲ ၂၀၀ ကိုလည်း မဲဖောက်ပေးခဲ့ကြောင်း သိ 

  • ဇီးရိုးပြောက်ကျားတပ်ဖွဲ့က ယနေ့ ဇွန် ၁၉ ရက်တွင် နှင်းဆီအပွင့် ၉၀၀ ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အတိုင်ပင်ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • မုံရွာ မန္တလေး အမြန်လမ်း၊ မုံရွာရေဦးဂိတ်နှင့် ကားကြီးကွင်း ကညနဂိတ်နှစ်ဂိတ်ကြား၊ စက်မှု လမ်းဆုံ၊ စွမ်းရည်ထက်ဂိတ်အနီးတွင် ပြည်သူများစုပေါင်း၍ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် ယနေ့ ဇွန် ၁၉ ရက်တွင် ပန်းသပိတ် ချီတက်ခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်းတွင် Federal Wings ဒရုန်းများ၏ တိုက်ပွဲစတင်ပြီဟု Federal Wings က ယနေ့ သတင်းထုတ်ပြန်သည်။ 

  • ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ပန်းသည်များ နှင့် ပြည်သူများထံမှ ပန်းများကို စစ်တပ် နှင့် ရဲက ယနေ့ ဇွန် ၁၉ ရက်၊ နံနက် ၇ နာရီခန့်က ဝင်ရောက် သိမ်းဆည်းဖမ်းဆီးခဲ့ကြောင်း လှိုင်သာယာမြို့နယ် နေထိုင်သူများထံမှ သိရသည်။ 

  • ရန်ကုန်တိုင်းရှိ လှိုင်သာယာ၊ မရမ်းကုန်း ၊ မြောက်ဥက္ကလာ ၊ လှိုင် ၊ အင်းစိန် ၊ တောင်ဒဂုံ စသည့်မြို့နယ်များ၌ ‌ဇွန် ၁၈ ရက်၊ ညပိုင်းတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

  • ရန်ကုန်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း၊ တရားရုံးနှင့် ရဲစခန်းတို့အား မြို့ပြပြောက်ကျားအဖွဲ့ များပူးပေါင်း၍ ဇွန် ၁၈ ရက်၊ ညပိုင်းက ဗုံးကိုးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force (FLA) အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ 

  • ရန်ကုန်တိုင်း၊ ဒေါပုံမြိုနယ်၊ နွယ်အေးရပ်ကွက်၊ မင်းနန္ဒာလမ်းရှိ ဗိုလ်တထောင်ခရိုင် နှင့် သင်္ဃန်းကျွန်းခရိုင်ဥပဒေရုံး များအတွင်း မပေါက်ကွဲသေးသော လက်လုပ်ဗုံး နှစ်လုံးကို ဇွန် ၁၉ ရက်၊ နံနက် ၈ နာရီခန့်က တွေ့ရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

  • ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဇွန် ၁၉ ရက်တွင် "ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ" စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။ 

  • ရန်ကုန်မြို့ မဟာဗန္ဓုလတံတားပေါ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ် မြောက် မွေးနေ့အဖြစ် "မွေးနေ့ရှင်ကို ပြည်သူများက သတိရနေပါတယ်" ဆိုသော စာသားကို ယနေ့ နံနက်ပိုင်းက ချိတ်ဆွဲခဲ့ကြသည်။ 

  • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ဂုဏ်ပြုလေးစားသောအားဖြင့် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လွမ်းစိတ် နှင့် အောင်နမိတ် ရည်ရွယ်ကာ ပန်းသပိတ်ကို ယနေ့ ဇွန် ၁၉ ရက်‎တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် နောင်ရိုးအထူးပြောက်ကျားတပ်က ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အဖြစ် ပန်းသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ပခုက္ကူခရိုင် အမှတ် ၁၄ တပ်ရင်းက ယနေ့ ဇွန် ၁၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။ 

  • ပခုက္ကူမြို့နယ် ပကဖ နှင့် ပခုက္ကူ လူထု သပိတ် ကော်မတီတို့ ပူးပေါင်းကာ ယနေ့ ဇွန် ၁၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အဖြစ် ပန်းသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • မကွေးတိုင်း၊ ချောက်မြို့နယ် အခြေစိုက် PDF တပ်ဖွဲ့ ၂ ဖွဲ့ပေါင်းပြီး ယနေ့ ဇွန် ၁၉ ရက်တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • မကွေးတိုင်း၊ စလင်းမြို့နယ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ် မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ဇွန် ၁၉ ရက်တွင် ပန်းသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • မကွေးမြို့၊ ကန်သာကန်ဘောင်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဇွန် ၁၉ ရက်တွင် Golden Eagle Myaylatt နှင့် မဟာမိတ် တပ်ပေါင်းစုများက စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန် ၁၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အဖြစ် ပန်းသပိတ်ပြုလုပ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်​ကောင်စီ လက်အောက်ခံ ရဲစခန်းအား ဇွန် ၁၈ ရက်၊ နေ့လယ် ၁ နာရီခန့်က ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များမှ Shar Htoo Waw Drone နည်းပညာ (မောင်းသူမဲ့‌လေယာဉ်ငယ်) များစွာအသုံးပြုပြီး ဗုံးသီး ၁၆ လုံးဖြင့် ကြဲချ တိုက်ခိုက်ခဲ့သည်ဟု Salingyi Special Task Force - SSTF (Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team 4)ယင်းမာပင်ခရိုင် တပ်ရင်း ၁၄၊ ၁၅ တို့က သတင်းထုတ်ပြန်ခဲ့သည်။ 

  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ယနေ့ ဇွန် ၁၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • တနင်္သာရီမြို့နယ်ထဲမှ ကျေးရွာတစ်ရွာတွင် ပြည်သူများ စုပေါင်း၍ ယနေ့ ဇွန် ၁၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ကယား(ကရင်နီ) ပြည်နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို Japan Myanmar Friendship Association အဖွဲ့မှ လှူဒါန်းသော ဆန်၊ ဆီနှင့် မိုးကာများကို ယနေ့ ဇွန် ၁၉ ရက်တွင် ကျေးလက် မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

  • မလေးရှားနိုင်ငံ၊ Kepong မြို့ရှိ NLD OC International Malaysia  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရုံး၌ ယနေ့ ဇွန် ၁၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲ အခမ်းအနားကို ယနေ့ ဇွန် ၁၉ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။ 

  • နယ်သာလန်နိုင်ငံ၊ Utrecht မြို့တွင် NLD Organizing Committee က ဦးဆောင်ကာ ယနေ့ ဇွန် ၁၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်​ပြည့် မွေးနေ့ပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရ သည်။ 

  • အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ အခမ်းအနားနှင့် တော်လှန်ရေးရန်ပုံငွေ စျေးရောင်းပွဲ ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ယနေ့ ကျရောက်သည့် လူထု ခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်​၏ ၇၈ နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။ 

  • ကိုရီးယားရောက် မြန်မာနိုင်ငံသားများက စစ်မှန်သည့် ငြိမ်းချမ်းရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေးတွင် တိုင်းရင်း သားပြည်သူလူထု အားလုံး နှင့် အတူ ပါဝင်နေမည် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် လွတ်မြောက်ရေး နှင့် ငြိမ်းချမ်းရေးဆန္ဒပြပွဲတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကရင်အမျိုးသားအစည်းအရုံး (KNU) ဖာပွန်ခရိုင်တွင် ယခု ဇွန်လအတွင်း တိုက်ပွဲ ၇၁ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက် ၄၅ ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)က ထုတ်ပြန်ထားသည်။ 

  • တောင်ပိုင်းတိုင်း KNLA တပ်ခွဲ ၂၀၁ တပ်ရင်းက ယနေ့ ဇွန် ၁၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • မွန်ပြည်နယ်၊ ရေးမြို့ နှင့် သံဖြူဇရပ်မြို့ အကြားရှိ မော်လမြိုင်-ရေး-ထားဝယ် လမ်းပိုင်းတွင် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဇွန် ၁၈ ရက်၊ နံနက် ၇ နာရီခန့်က စတင်ပြီး KNLA၊ PDF ပူးပေါင်းစစ်ကြောင်းက လုံခြုံရေးယူ၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဒုစစ်ဆင်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ချင်းလူငယ်များအနေဖြင့် ပြည်တွင်း (အခြားဒေသ)ပြည်ပသို့ မထွက်ခွာကြဘဲ ဒေသတွင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ပြီး တိုင်းပြည်ကိုကာကွယ်ကြရန် CDF မင်းတပ်က ထုတ်ပြန် ပန်ကြား လိုက်သည်။ 

စစ်ကောင်စီ 

  • ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မြစိမ်းရောင်ကျေးရွာ စီမံကိန်းအနေဖြင့် ကျေးရွာပေါင်း ၂၀၀ ကျော်တွင် နိုင်ငံတော် ခွင့်ပြုရန်ပုံငွေ ကျပ် ၆ ဒသမ ၆ ဘီလီယံကျော်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ သမဝါယမ နှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။ 

  • ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်များကို စိစစ်ဖော်ထုတ်ပြီး ကြီးကြပ် စစ်ဆေး နိုင်ရန်အတွက် အုပ်စုလိုက် ပူးပေါင်းကြီးကြပ်ရေးအဖွဲ့(CIASC)ကို ဖွဲ့စည်းထားကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ 

  • နိုင်ငံအတွင်း ဖော်ဆောင်မည့် လေအားစွမ်းအင်ကနေ လျှပ်စစ်ထုတ်လုပ်မည့် စီမံကိန်း ၃ ခုအတွက် ရုရှားအခြေစိုက် Nova Wind JSC ကုမ္ပဏီနဲ့ စစ်ကောင်စီ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ နားလည်မှု စာချွန်လွှာ (Memorandum of Understanding – MOU) လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။ 

  • မိုခါ မုန်တိုင်းဒဏ်သင့်ပြည်သူများကို ထောက်ပံ့ကူညီနိုင်ရေးအတွက် ရန်ပုံငွေရရှိအောင် ကူညီဆောင်ရွက်ခဲ့ကြသူများအတွက် ဂုဏ်ပြုပွဲအခမ်းအနားကို ဇွန် ၁၉ ရက်၊ နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့ Sky Star Hotel တွင် ကျင်းပပြုလုပ်ခဲ့ပြီး စစ်ကောင်စီ ပြန်ကြားရေး ဝန်ကြီး မောင်မောင်အုန်း တက်ရောက်ခဲ့ကြောင်း သိရသည်။ 

  • စားသုံးသူများအပေါ် ဝန်ထုတ်ဝန်ပိုးမဖြစ်စေမည့် သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေး အတွက် လုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်းပြီး ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) က သိရသည်။ 

  • ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်၊ ရွှေနံ့သာရပ်ကွက်၊ ကျောက်စိမ်းလမ်း၊ ပတ္တမြားစျေးတွင် ဇွန် ၁၉ ရက်၊ နံနက်ပိုင်းက ပန်းများကြဲ ဆန္ဒပြသူ၏ နေအိမ်ကို စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ လက်လုပ်ဗုံးနှစ်လုံးတွေ့ခဲ့သည်ဟု စစ်ကောင်စီ သတင်းဌာန News of Myanmar သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ဇွန် ၁၉ ရက် သုံးသပ်ချက် 

  • စစ်အာဏာရှင်အဆက်ဆက်၏ မတရားဖမ်းဆီးချုပ်နှောင်ထားသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ကျရောက်သည့် မွေးနေ့တွင် အမြန်ဆုံး ပြန်လွတ်မြောက်ရန် ပြည်တွင်း ပြည်ပရှိ ပြည်သူများက လှုပ်ရှားမှုမျိုးစုံဖြင့် ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ 

  • ထိုင်းစစ်အစိုးရက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံကို ကျော်လွန်ပြီး အကြမ်းဖက် စစ်ကောင်စီ နှင့်လက်ဝါးချင်းရိုက်ကာ မြန်မာ့အရေး ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။ သို့ရာတွင် အဓိက အာဆီယံနိုင်ငံ အများစု မတက်ရောက်သည့်အတွက် ရလဒ်မထွက်ဟုဆိုရမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly