ဗိုလ်ကြီးဆိုင်ဂုံ ဖမ်းဆီးစစ်ဆေးခံနေရမှု ရိုးရှင်းမှုမရှိကြောင်း ပြည်သူ့စစ်သားဦးဆောင်အဖွဲ့ပြော

By မိုးသောက် (မဇ္ဈိမ)
19 June 2023
ဗိုလ်ကြီးဆိုင်ဂုံ ဖမ်းဆီးစစ်ဆေးခံနေရမှု ရိုးရှင်းမှုမရှိကြောင်း ပြည်သူ့စစ်သားဦးဆောင်အဖွဲ့ပြော
Photo- ပေးပို့( ဖမ်းဆီးခံထားရသူများနှင့် WOLFအဖွဲ့တို့ အွန်လိုင်းမှတွေ့ဆုံခဲ့စဉ်)

လွတ်မြောက်ရေးအင်အားစုစစ်သည်များအဖွဲ့(WOLF)မှ တပ်ရင်းမှူး CDM ဗိုလ်ကြီး ဆိုင်ဂုံ(ခေါ်) သူရိန်ဝင်းအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်ခြောက်ဦးကို နှစ်လကျော်ကြာဖမ်းဆီးစစ်ဆေး နေမှုအပေါ် CDM စစ်သားအသိုင်းအဝိုင်းနှင့် WOLF တပ်ဖွဲ့ဝင်များက စိတ်ပူလျက်ရှိနေကြသည်။

CDM ဗိုလ်ကြီးဆိုင်ဂုံအပါအဝင် ခုနစ်ဦးကို ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို(PMSAB)အဖွဲ့လက် အောက်ခံ မိုးကြိုးပြောက်ကျားတပ်ဖွဲ့က ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်းသိရ ပြီး ဖမ်းဆီးစစ်ဆေးနေမှုသည် ရိုးရှင်းမှုမရှိကြောင်း ဗိုလ်ကြီးညီသုတက ပြည်သူ့စစ်သားဦးဆောင်အဖွဲ့၊ တရားမျှတမှုဖော်ဆောင်ရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“အခုအချိန်ထိလည်း ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးခံရတာမရှိပါဘူး။ ပြီးတော့ သမာသမတ်ကျတဲ့ အဖွဲ့တွေကိုလွှဲအပ်ပေးတာကမရှိသေးဘူး။ ဒါကြောင့်မို့ ဒီကိစ္စသည် ရိုးရှင်းမှုမရှိဘူး၊ တရားမျှတမှုမရှိဘူး လို့ နားလည်ပါတယ်” ဟု ၎င်းကပြောသည်။

ဖမ်းဆီခံရသည့် အချိန်တွင် ကျင့်ဝတ်နှင့်မညီသည့် နှိပ်စက်မှုများလည်းရှိကြောင်း ၎င်းကဆက်ပြောသည်။

မိုးကြိုးပျောက်ကြားတပ်ဖွဲ့တပ်ရင်း(၁၀၁)၏ တပ်ရင်းမှူးဖြစ်ခဲ့သည့် ဗိုလ်ကြီးဆိုင်ဂုံကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် ညောင်ဦးတို့ကို ဗဟိုစစ်ကော်မရှင်သို့ တင်ပြမှုမရှိဘဲ သွားလာခဲ့ခြင်း၊ တင်ပြ ခြင်းမရှိဘဲ တပ်ဖွဲ့ပိုင်အမှတ်တံဆိပ်များကို အသုံးပြု၍ Facebook ပေ့ချ်များ ဖွင့်လှစ်ခြင်း၊ တိုင်းရင်းသား ဒေသတခုသို့ခွင့်ပြုချက်မရှိဘဲ သွားလာခြင်း၊ ဒေသတွင်းတော်လှန်ရေးအဖွဲ့များ၏ တပ်တည်နေရာ လက် နက်လမ်းကြောင်းများကို မှတ်သားခြင်း၊ တပ်ဖွဲ့ဝင်များအကြား သွေးခွဲအုပ်ချုပ်ခြင်း၊ လူမှုရေးဖောက်ပြန် ခြင်း စသည့်မသင်္ကာဖွယ်ရာတို့ကို အချက်အလက်နှင့်တွေ့ရှိခဲ့ခြင်းကြောင့် တပ်ရင်း(၄၀၄)နယ်မြေတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မိုးကြိုးပြောက်ကျားတပ်ဖွဲ့က မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဗိုလ်ကြီးဆိုင်ဂုံကိုဖမ်းဆီးသွားစဉ်က ဒလန်ဟူသောစွပ်စွဲချက်ပါဝင်သည့်အတွက် အခြားသော တော်လှန် ရေးတွင်ပါဝင်နေသည့် CDM များအတွက် စောင့်ကြည့်စရာကိစ္စတခုဖြစ်လာသည်ဟု CDM တပ်မတော် သားများက ယူဆနေသည်။

သတင်းစာရှင်းလင်းပွဲတွင်ပါဝင်သည့် CDM တဦးဖြစ်သည့် Captain Zero “CDM စစ်သားတွေအနေနဲ့ ဒလန်ဖြစ်ကြောင် စွပ်စွဲခံရပြီဆိုတာနဲ့ အရင်ဆုံးလာဖမ်းတယ်ဆိုတဲ့ဖြစ်ရပ်က မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ CDM စစ်သားတွေကို ခြိမ်းခြောက်မှုဖြစ်လာတယ်” ဟု ပြောသည်။

“ပန်ဆက် (ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို-PMSAB)အနေနဲ့ ကိုဆိုင်ဂုံကို ပုဂ္ဂိုလ်ရေးမုန်းတီးမှု ကြောင့် လက်စဖျောက်ချင်တယ်လို့ ကျနော်တို့အနေနဲ့မြင်တယ်” လွတ်မြောက်ရေးအင်အားစုစစ်သည် များအဖွဲ့(WOLF)မှ တပ်ရေးအရာရှိ ဘရာဗိုက ပြောသည်။

ဖမ်းဆီးခံထားရသူများနှင့်ပတ်သက်ပြီး သိရှိနိုင်ရန် မိုးကြိုးပျောက်ကြားအဖွဲ့ကို မဇ္ဈိမမှဆက်သွယ်နေဆဲ ဖြစ်သည်။

ပြည်သူ့စစ်သားဦးဆောင်အဖွဲ့၊ တရားမျှတမှုဖော်ဆောင်ရေးကော်မတီသည် အဖွဲ့အစည်းနှစ်ခုအကြား ပြဿနာများကို ကြားဝင်မည်မဟုတ်သော်လည်း မျှတသောတရားစီရင်မှုဖြစ်စေရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ (သို့မဟုတ်) KIA/KIO ရှေ့မှောက်တွင် တရားစီရင်ခြင်းပြုလုပ်နိုင်ရန် ဆန္ဒရှိနေပြီး အကြောင်းကြားမှုများပြုလုပ်ထားကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ဗိုလ်ကြီးဆိုင်ဂုံ

#ပြည်သူ့စစ်သားဦးဆောင်အဖွဲ့

#PMSAB

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly