ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်ပြည့်မွေးနေ့ ကလေးမြို့သပိတ်ကော်မတီ ကျင်းပ

By ပါခွီး (မဇ္ဈိမ)
19 June 2023
ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်ပြည့်မွေးနေ့ ကလေးမြို့သပိတ်ကော်မတီ ကျင်းပ

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှုကို ကလေးမြို့ ပင်မသပိတ်ကော်မတီမှ ကျင်းပခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၉ ရက် ယနေ့တွင်ကျင်းပသော အခမ်းအနားကို ဒေသခံပြည်သူများနှင့်အတူ ကျောင်းသားများ ၊ ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ ၊ လက်ပံတောင်းတောင် လူထုသပိတ်ဦးဆောင်ကော်မတီမှ အဖွဲ့ဝင်ရဲဘော်များနှင့် ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် ဇွန်လ (၁၉) ရက် လှုပ်ရှားမှုအဖြစ် ပန်းသပိတ်နှင့်အတူ “ခွန်အား ဖြည့်မိငယ်” သီချင်းကို သံပြိုင်သီဆိုက ဦးဆောင်သူများမှ လူထုသပိတ်တရားများ ဟောကြားခဲ့ကြောင်းသိရသည်။

မိဘပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်ကို “ကျေးလက်ပုန်ကန် မြို့ပြဖီဆန်” ကြလျက် တော်လှန်ရေးမီးစာအမြင့်ဆုံးသို့မြင့်တင်ကာ နိုင်ရာကဏ္ဍအသီးသီးမှ ပါဝင် တိုက်ပွဲဝင်ကြပါရန် ကလေးမြို့ပင်မသပိတ်ကော်မတီမှ တိုက်တွန်းထားသည်။

ကလေးမြို့တွင် ဧပြီလ ၁၆ရက် “တော်လှန်သင်္ကြန်” ဆန္ဒပြပွဲတွင် သပိတ်ကော်မတီမှ အဖွဲ့ဝင်လေးဦး ဖမ်းဆီးခံရပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများရပ် ဆိုင်းသွားခဲ့ပြီး ဇွန်လ ၁၈ ရက် ယမန်နေ့မှစတင်ကာ လူထုလှုပ်ရှားမှုများ ပြန်လည် ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်

#ဒေါ်အောင်ဆန်းစုကြည်

#ပန်းသပိတ်

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly