အာဏာသိမ်းကာလအတွင်း မိုးဗြဲမြို့တွင် အရပ်သား ၆၀ ကျော်သေဆုံးဟု PKPF ထုတ်ပြန်

By 001 (မဇ္စျိမ)
19 June 2023
အာဏာသိမ်းကာလအတွင်း မိုးဗြဲမြို့တွင် အရပ်သား ၆၀ ကျော်သေဆုံးဟု PKPF ထုတ်ပြန်

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် အရပ်သား ၆၀ ကျော်သေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု(PKPF)က ထုတ်ပြန်သည်။

PKPF ၏ လက်လှမ်းမီသ၍ ပြုစုထားသည့်စာရင်းများအရ သေဆုံးသူများတွင် အမျိုးသား ၄၅ ဦး၊ အမျိုး သမီး ၁၅ ဦးနှင့် ကျား၊ မ မသိရသေးသူခြောက်ဦးပါဝင်ပြီး ထိုအထဲတွင် အသက် ၁၈ နှစ်အောက် ကလေး သူငယ် ၁၃ ဦးပါဝင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အရပ်သားများမှာ စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်ခံရခြင်း၊ လက်နက်ကြီးထိမှန်ခြင်း၊ လေကြောင်း မှတိုက်ခိုက်ခံရခြင်း၊ မိုင်းနင်းမိခြင်းနှင့် လက်နက်ကြီးသံကြောင့် ထိတ်လန့်ပြီးသေဆုံးရခြင်းတို့ ပါဝင် သည်။

“ ဒီလ ကျွန်တော်တို့စာရင်းအရဆိုရင် ၂၇ ယောက်လောက်ရှိတယ်။ လောလောဆယ် ကျွန်တော်သိထား သလောက်ပေါ့။ အခုကတော့ တမြို့လုံးရှောင်ထားတယ်။ လူသွား၊ လူလာမရှိဘူး၊ ဒီလမ်းမကြီး လောက်ပဲ အသွားအလာရှိကြတယ်။ ဒီလတော့ ဖမ်းဆီးသတ်ဖြတ်တာတို့၊ လက်နက်ကြီးထိမှန်ပြီး သေတာတို့၊ ထိ ခိုက်တာပဲ တွေ့ရပါတယ်”ဟု PKPF တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုးဗြဲမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လအစပိုင်းမှစတင်ကာ တိုက်ပွဲပြန်လည်ပြင်းထန်လာခဲ့ပြီး လက်ရှိတွင် မြို့ခံ အများအပြား နေရပ်စွန့်ခွာတိမ်းရှောင်နေရ၍ စားနပ်ရိက္ခာ၊ နေရေးထိုင်ရေးနှင့် ဆေးဝါးအခက်အခဲများ လည်း ကြုံတွေ့နေရသည်။

“ ကျွန်တော်တို့လည်း လယ်တောကတဲမှာပဲ အတူတူသွားရှောင်ကြတာပေါ့။ ကျပ်တည်းနေကြတာပေါ့ နော်။ တချို့ကတော့ ဖယ်ခုံဘက်ပြေးတယ်၊ တချို့ကလည်း တောင်ပေါ်ဘက် ပြေးကြတယ်။

နေရာပြန့် ကျဲနေတာပေါ့။ တနေရာတည်းတော့ မပြေးသွားဘူး။ အခုလည်း တချို့က စားနပ်ရိက္ခာမရှိကြတော့၊ စားနပ်ရိက္ခာမလုံလောက်တော့ အဲ့ဒီအတိုင်းပဲ ရှိတဲ့လူနဲ့ မျှစားနေရတာပေါ့” ဟု မိုးဗြဲဒေသခံတဦးက ပြောသည်။

လက်ရှိ၌ မိုးဗြဲဒေသခံများမှာ အိမ်မပြန်ရဲကြသေးဘဲ တောတောင်ထဲတွင် ဆက်လက်ခိုလှုံနေရကာ ကလေးသူငယ်အချို့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေကြောင်း အဆိုပါဒေသခံကပြောသည်။

တိုက်ပွဲများပြင်းထန်ခဲ့သည့်မိုးဗြဲမြို့တွင် ရက်ပိုင်းအတွင်း တိုက်ပွဲများငြိမ်နေသော်လည်း စစ်ကောင်စီ တပ်မှ တပ်စွဲထားစဲဖြစ်ပြီး နှစ်ဖက်စစ်ရေး တင်းမာနေ၍ ဒေသခံများ နေရပ် မပြန်သေးကြရန် PDF များက သတိပေးထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မိုးဗြဲမြို့တွင် တိုက်ပွဲ ၆၁ ကြိမ်ဖြစ်ပွားခဲ့ပြီး လေကြောင်း တိုက်ခိုက်မှု ၃၉ ကြိမ်နှင့် နေအိမ်ပျက်စီးမှု ၁၇၄ လုံးရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF မှ ထုတ် ပြန်ထားသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#မိုးဗြဲမြို့

#ကရင်နီ

#PKPF

#အရပ်သားသေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly