ရန်ကုန်ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း၊ တရားရုံးနှင့် ရဲစခန်းတို့အား မြို့ပြပြောက်ကျားများမှ ဗုံး ၉ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

By ဂန္ဒမာ (မဇ္ဈိမ)
19 June 2023
ရန်ကုန်ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း၊ တရားရုံးနှင့် ရဲစခန်းတို့အား မြို့ပြပြောက်ကျားများမှ ဗုံး ၉ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း၊ တရားရုံးနှင့် ရဲစခန်းတို့အား မြို့ပြပြောက်ကျားအဖွဲ့ များပူးပေါင်း၍ ဇွန်လ ၁၈ ရက်နေ့ညပိုင်းက ဗုံးကိုးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force (FLA) အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ခိုက်မှုအား Anonymous Fighters Force (AFF) ၊ Freeland Attack Force (FLA) နှင့် Emerald Girls Army  (EGA) အဖွဲ့တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းမပေါ်၊ တပ်ထိပ်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၅၃၂)တပ်ရင်းကို ဇွန်လ ၁၈ ရက်နေ့ ည ၈ နာရီ ၅၂ မိနစ်၌ ဗုံးများဖြင့် စတင်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ည ၉ နာရီနောက်ပိုင်းတွင် ဒေါပုံမြို့နယ်၊ အရှေ့ပိုင်းခရိုင်တရားဥပဒေရုံးနှင့် မြောက်ဒဂုံမြို့နယ် (၄၈) ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် အောင်ဆန်းသူရိယလှသောင်းလမ်းထောင့်ရှိ ထားဝယ်ချောင်ရဲစခန်း တို့ကို ဗုံးများဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုပြုလုပ်သော ရဲဘော်များအနေဖြင့် ပစ်မှတ်နေရာများမှ ဘေးကင်းစွာဆုတ်ခွာလာနိုင်ခဲ့ ကြောင်း သိရသည်။

တိုက်ခိုက်မှုဖြစ်စဉ်၏ နောက်ဆက်တွဲအခြေအနေနှင့်ပတ်သက်၍ မေးမြန်းရန် Freeland Attack Force-FLA အဖွဲ့ တာဝန်ခံအား မဇ္ဈိမကဆက်သွယ်ခဲ့သော်လည်း လုံခြုံရေးအခြေအနေအရ ဖြေကြားပေးနိုင်‌မည် မဟုတ်ကြောင်း သတင်းရင်းမြစ်ထံမှ ပြန်လည်သိရှိရသည်။

စာတည်း။   ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required