ဖိလစ်ပိုင် သင်္ဘောမီးလောင်မှု လူ ၁၂၀ ဦးစလုံးကို ကယ်တင်နိုင်ခဲ့

ဖိလစ်ပိုင် သင်္ဘောမီးလောင်မှု လူ ၁၂၀ ဦးစလုံးကို ကယ်တင်နိုင်ခဲ့

ဖိလစ်ပိုင်နိုင်ငံတွင် လူ ၁၂၀ ဦး ပါရှိသည့် ကူးတို့သင်္ဘောတစ်စင်း ဇွန်လ ၁၈ ရက်က ပင်လယ်ပြင်တွင်း မီးလောင်မှု ဖြစ်ပွားရာ သင်္ဘောပေါ်ပါသူ အားလုံးကို ကယ်တင်ပေးနိုင်ခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။

သင်္ဘောအရာရှိနှင့် အမှုထမ်း ၅၅ ဦး နှင့် ခရီးသည် ၆၅ ဦးကို တင်ဆောင်လာသော M/V Esperanza Star သင်္ဘောသည် နိုင်ငံတောင်ပိုင်း ဆစ်ကွေဂျာ ကျွန်းမှ အနီးအနား ဘိုဟောလ် ကျွန်းသို့ ဦးတည် ခုတ်မောင်းစဉ် မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။

အခြားသင်္ဘောတစ်စင်းပေါ်မှ ကမ်းခြေစောင့် မီးသတ်သမားများက ရေပိုက် အသုံးပြုပြီး မီးကို ငြှိမ်းသတ်ပေးခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ မီးလောင်မှု ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို မသိရသေးပေ။

မီးငြှိမ်းမှုနှင့် ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခဲ့သည့် ကမ်းခြေစောင့် ရေယာဉ်နှစ်စင်းမှာ သင်္ဘောမီးလောင်မှုဖြစ်ရာ အနီးအနား ရေပြင်တွင် ရှိနေဆဲဖြစ်သည်။ ကယ်တင်ပေးခဲ့ရသည့် ခရီးသည်များနှင့် သင်္ဘောအမှုထမ်းများ မည်သည့်နေရာတွင် ရှိနေသလဲနှင့် ၎င်းတို့၏ အခြေအနေနှင့်ပတ်သက်ပြီး ထုတ်ဖော်ခြင်း မရှိပေ။

ကျွန်းပေါင်း ၇,၆၀၀ ကျော် ရှိသည့် ကျွန်းစုနိုင်ငံတစ်ခုဖြစ်သည့် ဖိလစ်ပိုင်တွင် ပင်လယ်ရေကြောင်း ဘေးကင်းလုံခြုံရေးနှင့်ပတ်သက်ပြီး အားနည်းသည့် မှတ်တမ်းတစ်ခု ရှိနေပြီး ရေယာဉ်သင်္ဘောများမှာ မကြာခဏဆိုသလို လူပြည့်သိပ်နေတတ်ကာ သက်တမ်းကြာမြင့်နေပြီဖြစ်သည့် သင်္ဘောအများအပြားကိုလည်း အသုံးပြုမှုများ ရှိနေသည်။

ပြီးခဲ့သည့် မတ်လကလည်း နိုင်ငံတောင်ပိုင်းတွင် လူ ၂၅၀ ဦး လိုက်ပါလာသော ကူးတို့သင်္ဘောတစ်စင်း မီးလောင်မှုကြောင့် ခြောက်လသားအရွယ် ကလေးတစ်ဦး အပါအဝင် လူ ၂၀ ကျော် သေဆုံးခဲ့ရသည်။

Philippine coast guard rescues 120 people as ferry catches fire
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly