စစ်ကောင်စီက မန္တလေးမြို့အနှံ့ ပိတ်ဆို့စစ်ဆေး၊ ပန်းပန်ထားလျှင် ဆဲဆိုပြီး ဆွဲဖြုတ်ခိုင်းဟုဆို

By 007 (မဇ္ဈိမ)
19 June 2023
စစ်ကောင်စီက မန္တလေးမြို့အနှံ့ ပိတ်ဆို့စစ်ဆေး၊ ပန်းပန်ထားလျှင် ဆဲဆိုပြီး ဆွဲဖြုတ်ခိုင်းဟုဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့တွင် ပြည်သူ လူထုက ပန်းသပိတ်ပြုလုပ်ကြရန်လှုံ့ဆော်ထားခြင်းကြောင့် ယနေ့ ဇွန်လ ၁၉ ရက် နံနက်အစောပိုင်းမှ စပြီး မန္တလေးမြို့တွင်းမြို့ပြင်လမ်းများအား စစ်ကောင်စီတပ်က တားဆီးပိတ်ဆို့ကာ တင်းကြပ်သည့်စစ် ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မနက် ၇ နာရီလောက်ကစပြီး မြို့တွင်းမြို့ပြင်လမ်းမကြီးတွေကို ပိတ်ဆို့လိုက်တယ်။ ဆိုင်ကယ်တွေကို အဓိကထားပြီးစစ်တယ်။ ၂၆ လမ်း ဘဏ်(၃)ရှေ့ တအားကြမ်းတယ်၊ ပန်းပန်ထားရင် ဓာတ်ပုံရိုက်ယူပြီး ပန်းကိုဆွဲဖြုတ်လွှင့်ပစ်တယ်၊ ဆဲနေဆိုနေလိုက်တာလည်း တအားကိုကြမ်းတယ်”ဟု ဒေသခံတဦးကပြော သည်။

စစ်၀တ်စုံ၀တ်ထားသော လက်နက်ကိုင်ငါးဦးခန့်ပါ၀င်သည့်အဖွဲ့တဖွဲ့စီဖြင့် မြို့တွင်းမြို့ပြင် အဓိကလမ်းမ ကြီးများတွင် တင်းကြပ်သည့်စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အမျိုးသမီးတယောက်ကို သူတို့ အဲဒီလောက်အထိ ကြောက်နေကြတာ။ မနေ့ကလည်း၊ သူတို့ချည်းပဲ သုံးနေရတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဒီပန်းသပိတ်နဲ့ပတ်သက်ပြီး မခံမရပ်နိုင်အောင်ဖြစ်နေကြတာ တွေလောက်ပဲ ရေးတင်နေကြတယ်၊ ပြည်သူတွေရဲ့ ပန်းသပိတ်ကို သူတို့အတော်လေးကြောက် နေကြ တယ်” ဟု မြို့ခံတဦးကမှတ်ချက်ပြုသည်။

မြို့၏အဓိကလမ်းမကြီးများဖြစ်သော ကန်တော်ကြီးမီးပွိုင့်၊ ကျွဲဆည်ကန် မြ၀တီဘဏ်ရှေ့၊ ၃၅ လမ်း ၈၈ လမ်းနှင့် ၈၉ လမ်းကြား၊ ၈၂ လမ်း ၃၇ လမ်းနှင့် ၃၈ လမ်းကြား၊ သိပ္ပံလမ်း ကညနရုံးရှေ့၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မြ၀တီဘဏ်ရှေ့၊ ၁၉ လမ်း ၈၆ လမ်းနှင့် ၈၇ လမ်းကြား၊ ၁၉ လမ်း ၆၁ လမ်းနှင့် ၆၂ လမ်းကြားတို့တွင် စစ်၀တ်စုံ၀တ်ထားသော လက်နက်ကိုင်ငါးဦးခန့်စီဖြင့် တင်းကြပ်စွာစစ်ဆေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“မနက် ၉ နာရီခွဲလောက်မှာ စစ်ဆေးတာတွေ မရှိတော့ဘူး၊ ညနေပိုင်းအလုပ်ဆင်းချိန်မှာ ပြန်စစ်လိမ့်မယ် ထင်တယ်၊ သတိနဲ့ သွားလာလှုပ်ရှားကြတာ အကောင်းဆုံးပါပဲ” ဟုလည်း ၎င်းကပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ကျရောက်သော ၇၈ နှစ် မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် တနိုင်ငံလုံးအတိုင်းအတာဖြင့် မိမိတို့အဆင်ပြေသလို ပန်းသပိတ် လှုပ်ရှားမှုပြုလုပ်ကြရန် ပြည်သူအချင်းချင်း တိုက်တွန်းနှိုးဆော်ထားကြသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly