တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့ကျင်းပ

By 007 (မဇ္ဈိမ)
19 June 2023
တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့ကျင်းပ

တောင်ကိုရီးယားနိုင်ငံ ၊ ဘူဖျောင်းမြို့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်မြောက် မွေးနေ့လွတ်မြောက်ရေးနှင့်ငြိမ်းချမ်းရေးဆန္ဒပြပွဲကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က ဦးဆောင်စီစဉ်ပြီး ကိုရီးယားအခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများပူးပေါင်းကာ ယမန်‌နေ့ ဇွန်လ ၁၈ရက် နေ့လယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေးဆန္ဒပြပွဲတွင် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများက အချက်(၆)ချက်ပါကြေညာချက်ကိုလည်း ထုတ်ပြန်ထားသည်။ 

အဆိုပါ ကြေညာချက်တွင်ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီးပြီး မလျော်ကန်သော တရားရုံးစီရင်ချက်များဖြင့် ထောင်ဒဏ် ၃၃နှစ် ချမှတ်ထားခြင်းသည် မည်သို့မျှလက်ခံနိုင်ဖွယ် မရှိဟု  ကန့်ကွက်ရှုတ်ချထားသည်။စစ်ကောင်စီနှင့် အပေါင်းအပါများက ဒေါ်အောင်ဆန်းစုကြည်အား အသုံးချ၍ ငြိမ်းချမ်းရေးတည်ဆောက်နေသယောင် ပြည်သူများကို လှည့်စားနေသည်မှာ ကလိမ်ကကျစ် လုပ်ရပ်များသာဖြစ်သည်ဟုဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းကို ဖြေရှင်းကျော်လွှားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ အကြမ်းဖက်စစ်တပ်ကို ဖြုတ်ချပြီး ပြည်သူလူထုကို ကိုယ်စားပြုသော အစိုးရတစ်ရပ်အာဏာရရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးသာ ဖြစ်သည်ဟု ရှင်းလင်းစွာ ယုံကြည်ကြောင်း ဖော်ပြထားသည်။

မြန်မာပြည်သူများသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုမှသည် ပြည်သူ့ခုခံတွန်းလှန်စစ်ကို ဖော်ဆောင်ခဲ့ပြီး ယခုနှစ်တွင် တွန်းလှန်စစ်မှ တိုက်စစ်သို့ တဆင့်တက်ကာ အာဏာရှင်ကိုတော်လှန်လျက်ရှိရာ ပြည်သူလူထုအနေဖြင့်  စစ်အာဏာရှင်တော်လှန်ရေးကို မမှိတ်မသုန်ထောက်ခံလိုက်ပါကြရန်လည်း  တိုက်တွန်းထားသည်။

ယနေ့(ဇွန်လ ၁၉ရက်)ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်မြောက် မွေးနေ့တွင် ကျန်းမာစွာဖြင့် အနှောင်အဖွဲ့မှအမြန်ဆုံးလွတ်မြောက်ပါစေကြောင်း၊ သေဒဏ်၊ထောင်ဒဏ် ကျခံ‌နေရသူအားလုံး ပြစ်ဒဏ်မှလွတ်မြောက်ပါစေကြောင်း၊ ဖမ်းဆီးခံ၊နှိပ်စက်ခံ ပြည်သူအားလုံး ဘေးအန္တရာယ်အပေါင်းမှ လွတ်မြောက်ပါစေကြောင်း ဆုတောင်းလျက် စစ်မှန်သည့် ပြည်သူ့တော်လှန်ရေး အောင်ပွဲခံပြီးလျှင် စစ်မှန်သည့်ငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေး၌ တိုင်းရင်းသားပြည်သူလူထုအားလုံးနှင့်အတူ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများက အတူတကွ ပါဝင်နေမည်ဖြစ်ကြောင်း လေးနက်စွာဆန္ဒပြုအပ်သည်ဟု စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က ထုတ်ပြန်ထားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေးဆန္ဒပြပွဲသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်က  သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

စာတည်း - မောင်ကြီး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required