စစ်ကောင်စီဝန်ကြီးကို ဆွေးနွေးပွဲ ဖိတ်ကြားမှုအတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ခုခံပြောဆို

စစ်ကောင်စီဝန်ကြီးကို ဆွေးနွေးပွဲ ဖိတ်ကြားမှုအတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ခုခံပြောဆို

ထိုင်းအိမ်စောင့်အစိုးရအနေဖြင့် မြန်မာစစ်ကောင်စီ၏ ကိုယ်စားလှယ်များထံမှ စကားသံကို နားထောင်ရန် အာဆီယံနှင့် အခြားနိုင်ငံများမှ ကိုယ်စားလှယ်များပါဝင်သော ဖိုရမ်တစ်ခုကို ကျင်းပခြင်း ဖြစ်ပြီး ယင်းသည် ဒေသအကျိုးအတွက် ဖြစ်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းက ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

ယခုကဲ့သို့ ဖိုရမ် ကျင်းပရခြင်းက အာဆီယံ၏ ကိုယ်စား ဆောင်ရွက်ခြင်းလည်း မဟုတ်ဟု ၎င်းက ဆိုသည်။
၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် မြန်မာစစ်အုပ်စုကို အာဆီယံ၏ အဆင့်မြင့်လယ်ဗယ် အစည်းအဝေးများ၌ တက်ရောက်ခွင့်မပြုဘဲ ပိတ်ပင်ထားသော်လည်း ထိုင်းအစိုးရက ဇွန်လ ၁၈ နှင့် ၁၉ ရက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် မြန်မာစစ်ကောင်စီ၏ ကိုယ်စားလှယ်တို့ တွေ့ဆုံစေရန် အလွတ်သဘောအစည်းအဝေးတစ်ခုကို အိမ်ရှင်အဖြစ် ပြုလုပ်သည့် သတင်းအပေါ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။

ယခု အစည်းအဝေးသည် အာဆီယံ အစည်းအဝေးတစ်ခု မဟုတ်ကြောင်း၊ သို့သော် မြန်မာစစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီးသစ်တစ်ဦး ခန့်အပ်ထားပြီးနောက် မြန်မာ၌ ဖြစ်ပေါ်နေမှု အခြေအနေများနှင့်ပတ်သက်ပြီး နားထောင်ရန် ရည်ရွယ်သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် ဖိုရမ်တစ်ခု ဖြစ်ကြောင်း မစ္စတာ ဒွန်က Matichon ကို ပြောသည်။

“ဒီလိုမျိုး အစည်းအဝေးတစ်ခုကို ထိုင်းက စီစဉ်ကျင်းပတာ ဒါ ပထမဆုံးအကြိမ်လည်း မဟုတ်ပါဘူး။ ဒါက တတိယအကြိမ်ပါ။ ကျွန်တော်တို့ ဒါမျိုး အစည်းအဝေးတွေကို ထိုင်းမှာ နှစ်ကြိမ် ပြုလုပ်ထားပါတယ်၊ ဒါပေမယ့် အဲဒီအစည်းအဝေးတွေကို သတင်းမဖော်ပြခဲ့ကြပါဘူး။ ဒီ အစည်းအဝေးတွေကတော့ မြန်မာမှာ ဘာတွေ လုပ်ထားပြီးပြီလဲ ဆိုတာကို နားထောင်ဖို့နဲ့ ခေါင်းချင်းဆိုင် အဖြေရှာဖို့အတွက် ဖြစ်ပါတယ်” ဟု မစ္စတာ ဒွန်က ပြောသည်။

ယင်းကဲ့သို့ အစည်းအဝေးအတွက် ထိုင်းအစိုးရသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများကို ဖိတ်ကြားခဲ့သည်။ အစည်းအဝေး မတက်ရောက်လိုသည့် နိုင်ငံများသည် အစည်းအဝေး မတက်ဘဲ ပျက်ကွက်မှုတို့ ရှိသလို ကိုယ်စားလှယ် စေလွှတ်မှုလည်း ရှိကြောင်း မစ္စတာ ဒွန်က ပြောသည်။

“ကျွန်တော်တို့က ပွင့်လင်းမြင်သာမှုနဲ့ ဒါကို လုပ်တာပါ။ မြန်မာ (စစ်ကောင်စီ) ဟာ နိုင်ငံခြားရေးဝန်ကြီးကို အသစ်ခန့်ထားပါတယ်။ ကျွန်တော်တို့ သူ့ဆီကနေ နားထောင်ကြည့်သင့်ပါတယ်။ မြန်မာ (စစ်ကောင်စီ) နဲ့ ဆက်ဆံပြောဆိုမှု မရှိဘဲနဲ့တော့ ကျွန်တော်တို့ ဘယ်လိုလုပ် ဖြေရှင်းနည်းလမ်း ရှာနိုင်မလဲ” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ထိုင်းအစိုးရအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို ရှင်းပြထားပြီးဖြစ်ကြောင်း၊ ယင်းသည် အာဆီယံအဖွဲ့ သို့မဟုတ် အာဆီယံဥက္ကဋ္ဌ၏ ကိုယ်စား ဆောင်ရွက်ခြင်း မဟုတ်ကြောင်း၊ ယင်းက အာဆီယံဥက္ကဋ္ဌ၏ အလုပ်ကို ထောက်ကူခြင်း ဖြစ်ကြောင်း မစ္စတာ ဒွန်က ပြောသည်။

အလားတူ မြန်မာတွင် အာဏာသိမ်းမှုအလွန် အကျပ်အတည်းမှ ရုန်းထွက်နိုင်ရေး နည်းလမ်း ရှာရန် ရည်ရွယ်ပြီး ဇွန်လ ၁၉ ရက်တွင် မြန်မာစစ်ကောင်စီနှင့် အိမ်နီးချင်းနိုင်ငံများ၏ ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်ဟု အေအက်ဖ်ပီ သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

မြန်မာအကျပ်အတည်းကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရန် အားထုတ်မှု တစ်စိတ်တစ်ဒေသအဖြစ် အိမ်နီးချင်းနိုင်ငံများ၏ “အလွတ်သဘော ဆွေးနွေးပွဲ” ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက လက်ခံကျင်းပမည် ဖြစ်သည်ဟု ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်ဟု သိရသည်။

လာအို၊ အိန္ဒိယ၊ တရုတ်၊ ဘရူနိုင်းနှင့် ဗီယက်နမ်တို့မှ အဆင့်မြင့်လယ်ဗယ် ကိုယ်စားလှယ်များ အစည်းအဝေးကို တက်ဖွယ်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသော်လည်း နောက်ထပ် အသေးစိတ်ကို မဖော်ပြထားပေ။
အာဆီယံအုပ်စုအတွင်း မြန်မာစစ်အုပ်စုအပေါ် အပြင်းထန်ဆုံး ဝေဖန်သူများဖြစ်သည့် အင်ဒိုနီးရှားနှင့် မလေးရှား တို့၏ နိုင်ငံခြားရေးဝန်ကြီးများက ယခု ထိုင်းတွင် ပြုလုပ်မည့် တနင်္လာနေ့ အစည်းအဝေးကို တက်ရောက်မည် မဟုတ်ဟု တာဝန်ရှိသူများက ပြောသည်။

ထို့ပြင် မြန်မာ့နိုင်ငံရေး အခြေအနေနှင့် စပ်လျဉ်း၍ မြန်မာစစ်အုပ်စုနှင့် အဆင့်မြင့်လယ်ဗယ် ဆွေးနွေးမှုများ ပြုလုပ်ရန် အာဆီယံအတွက် သင့်တော်မှန်ကန်သည့် အချိန် မရောက်သေးဟု စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှ်နန်က သောကြာနေ့တွင် ပြောဆိုသည်။

မြန်မာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီကို ဆွေးနွေးပွဲ ဖိတ်ကြားသည့် ထိုင်း၏ လုပ်ဆောင်ချက်အပေါ် အပြင်းအထန် ပြစ်တင်ဝေဖန်ထားသည်။
“တရားမဝင်တဲ့ စစ်အုပ်စုကို ဒီ ဆွေးနွေးပွဲ တက်ဖို့ ဖိတ်တာက မြန်မာရဲ့ နိုင်ငံရေးအကျပ်အတည်းအပေါ် ဖြေရှင်းမှုအတွက် ပံ့ပိုးထောက်ကူရာ ရောက်မှာ မဟုတ်ပါဘူး” ဟု NUG က ဇွန် ၁၇ ရက် ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

Inviting Myanmar junta to Bangkok was 'in regional interest': FM Don
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly