ဖျာပုံမြို့အနီးငလျင်လှုပ်ခတ်

ဖျာပုံမြို့အနီးငလျင်လှုပ်ခတ်

ဧရာဝတီတိုင်း၊ဖျာပုံမြို့နှင့်ထိစပ်နေသော ပင်လယ်ပြင်အတွင်း  ယနေ့ ဇွန်လ ၁၉ ရက် ၈ နာရီ ၁၁မိနစ်ခန့်က ရစ်(ခ်)တာစကေး ၅ဒဿမ ၄ အဆင့်ငလျင်လှုပ်ခဲ့ပြီး ရန်ကုန်မြို့တွင် ငလျင်လှုပ်ရှားမှုခံစားလိုက်ရကြောင်းသတင်းရရှိသည်။

အဆိုပါငလျင်သည် ဖျာပုံမြို့ ၊ကမ်းရိုးတန်းအနီး  မြေအနက် ၅ဒဿမ၃ ကီလိုမီတာ( ၃ မိုင်ခန့်) တွင် ဗဟိုပြု၍ ယနေ့ နံနက် ၈နာရီ ၁၀မိနစ်ခန့်တွင် လှုပ်ခတ်သွားခြင်းဟု  အမေရိကန် လူမိလေ့လာရေးဌာန USGS ကထုတ်ပြန်ထားသည်။ 

" လှုပ်တာ ပြင်းတယ်။ ထိခိုက်မှုသတင်းတော့ မကြားသေးဘူး" ဟု ဖျာပုံမြို့ခံတစ်ဦးက ပြောသည်။ 

ငလျင်လှုပ်ရှားမှုကို ခံစားသိရှိလိုက်ရကြောင်းရန်ကုန်မြို့ခံအချို့က ပြောသည်။

အဆိုပါ ငလျင်သည် မြန်မာနိုင်ငံ ပြည်တွင်း (ဖျာပုံမြို့၏ အရှေ့တောင်ဘက် မိုင် (၇၀) ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၅ဒဿမ၁ အဆင့်ဖြင့် လှုပ်ခတ်သွားခြင်းဟု  စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၇ရက်ကလည်း ဧရာဝတီတိုင်း၊မအူပင်မြို့ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ဒဿမ၈အဆင့် လှုပ်ခတ်သွားခဲ့သည်။  လှုပ်ရှားမှုပြင်းထန်ခဲ့ပြီး မအူပင်မြို့ပေါ်မှ  အဆောက်အဦအချို့ ပြိုကျပျက်စီးခဲ့သည်။ မအူပင်မြို့၊အမှတ် ၆ ရပ်ကွက်ရှိ မိုးကုတ်ဝိပဿနာကျောင်းတိုက်မှ အဆောက်အဦတစ်ခုပြိုကျပြီး အဆိုပါ အဆောက်အဦအတွင်းရှိ သီလရှင်တစ်ပါးနှင့်အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။

စာတည်း - မောင်ကြီး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly