တရုတ်အစိုးရပိုင်ဘဏ်များက အပ်ငွေများအပေါ် အတိုးနှုန်းလျှော့ချ 

တရုတ်အစိုးရပိုင်ဘဏ်များက အပ်ငွေများအပေါ် အတိုးနှုန်းလျှော့ချ 

တရုတ်နိုင်ငံ၏ အကြီးဆုံး အစိုးရပိုင်ဘဏ်များသည် စားသုံးသူများ သုံးစွဲမှုတိုးမြင့်စေရန် ယခုသီတင်းပတ်အတွင်း အပ်ငွေများအပေါ် အတိုးနှုန်း လျှော့ချလိုက်သည်။ အတိုးနှုန်းဖြတ်တောက်မှုသည် ယမန်နှစ်နောက်ပိုင်း ဒုတိယအကြိမ် လျှော့ချမှုဖြစ်ပြီး တရုတ်နိုင်ငံ၏ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်မှု ကန့်သတ်ချက်များကို ရုတ်သိမ်းပြီးနောက် နိုင်ငံ၏ စီးပွားရေး သည် မျှော်လင့်ထားသလောက် ပြန်လည် တိုးတက်လာနိုင်ခြင်းမရှိမည်ကို စိုးရိမ်မှု တိုးလာကြောင်း New York Times သတင်း က ဖော်ပြသည်။

 ကူးသန်းရောင်းဝယ်ရေးဘဏ် ၆ ခုက အပ်ငွေများကို အတိုးနှုန်း ၀ ဒသမ ၂၅ ရာခိုင်နှုန်းမှ ၀ ဒသမ ၂ ရာခိုင်နှုန်းသို့ လျှော့ချလိုက်ကြောင်း ကြေညာခဲ့သည်။ ဘဏ်များသည် သတ်မှတ်ထားသော အချိန်ကာလတစ်ခုအထိ အပ်ငွေအပေါ် အတိုးနှုန်း လျှော့ချလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
  တရုတ်စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်သည် ၅ နှစ် အပ်ငွေအပေါ် အတိုးနှုန်း ၂ ဒသမ ၆၅ ရာခိုင်နှုန်းမှ ၂ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီး ၃ နှစ် အပ်ငွေအပေါ် အတိုးနှုန်း ၂ ဒသမ ၆ ရာခိုင်နှုန်းမှ ၂ ဒသမ ၄၅ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ကြောင်း ဘဏ်၏ ဝက်ဘ်ဆိုက်မှ သတင်းအချက်အလက်များကို ကိုးကား၍ The New York Times သတင်းက  ဖော်ပြထားသည်။

 
အပ်ငွေနှုန်းထားများကို လျှော့ချခြင်းသည် မူဝါဒချမှတ်သူများအနေဖြင့် စားသုံးသူများ၏ အသုံးစရိတ်ကို မြှင့်တင်ရန် အသုံးပြုနိုင်သည့် လမ်းကြောင်းတစ်ခုဖြစ်သည်။ အဆိုပါ လျှော့ချသော အတိုးနှုန်းထားသည် စားသုံးသူများအား ၎င်းတို့၏ စုဆောင်းငွေများကို ဘဏ်တွင် အပ်နှံမည့် အစား သုံးစွဲရန် သို့မဟုတ် ရင်းနှီးမြှုပ်နှံရန် မက်လုံးများ ပေးလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြစ်ကြောင်း The New York Times က ဖော်ပြသည်။
 
စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်သော စားသုံးသူ အသုံးစရိတ်သည် နှေးကွေးနေသေးကြောင်း ဘဏ်များ၏ ဆုံးဖြတ်ချက်က ညွှန်ပြနေသည်။ တရုတ်နိုင်ငံသည် ယမန်နှစ်က ၎င်း၏ COVID ကန့်သတ်ချက်များကို ရုတ်သိမ်းပြီး စီးပွားရေးကို ပြန်လည်ဖွင့်လှစ်ပြီးနောက် ဝယ်လိုအားမြင့်တတ်စေခြင်းသည် လူများကို လွတ်လပ်စွာ ပိုမိုသုံးစွဲလာစေရန် တွန်းအားပေးနိုင် လိမ့်မည်ဟု မျှော်လင့်မှုများရှိခဲ့သော်လည်း စီးပွားရေးကဏ္ဍအသီးသီးတွင် ထိုသို့ဖြစ်မလာသေးပေ။

ဘဏ္ဍာရေးကုမ္ပဏီ Macquarie Group မှ တရုတ်စီးပွားရေးပညာရှင် လာရီဟူက တရုတ်ပြည်သူ့ဘဏ်သည် ချေးငွေအတိုးနှုန်းကို လျှော့ချနိုင်ခြင်း သို့မဟုတ် လာမည့်လများအတွင်း စီးပွားရေးကို လှုံ့ဆော်ရန် အခြားခြေလှမ်းများ လုပ်ဆောင်နိုင်သည်ဟု ဆိုသည်။
 
တရုတ်နိုင်ငံတွင် ဆယ်စုနှစ်များအတွင်း ယမန်နှစ်သည် စီးပွားရေး တိုးတက်မှု အနှေးကွေးဆုံးနှစ်များ ထဲမှ တစ်ခု ဖြစ်ခဲ့၍ ပြန်လည် တိုးတက် ကောင်းမွန်လာမည်ဟု ခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှုသည် ၅ ရာခိုင်နှုန်းခန့် မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ သို့သော် တရုတ်၏ စီးပွားရေးအားနည်းမှုက ဆက်လက်ရှိနေသည်။

 တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ် ပထမ ၃ လအတွင်း ၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သော်လည်း တိုးတက်မှု အလားအလာ သိပ်မရှိပေ။ ဒုတိယသုံးလပတ်၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှု ကိန်းဂဏန်းများကို လာမည့်လတွင် ထုတ်ပြန်မည်ဟု မျှော်လင့်ရသည်။

 သတင်းများအရ လူငယ် အလုပ်လက်မဲ့နှုန်းသည် စံချိန်တင် မြင့်မားနေသည်။ အိမ် ခြံ မြေ ဈေးကွက် သည် ပြန်လည် နာလန်ထူ သည့် လက္ခဏာ အနည်းငယ် ရှိသော်လည်း ဆက်လက် ကျဆင်းနေသည် ။ သြစတြေးလျအခြေစိုက် ဘဏ် ANZ မှ အကြီးတန်း တရုတ်စီးပွားရေးပညာရှင် ဘက်တီရူးဝမ် က တရုတ်အိမ်ထောင်စုများနှင့် ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းများ ကြားတွင် စီးပွားရေးအပေါ် ယုံကြည်မှု အားနည်းနေကြောင်း ဆိုသည်။

ကိုဗစ်-၁၉ ပြီးနောက် ဝယ်လိုအားသည် နှစ်၏ အစောပိုင်းတွင် စီးပွားရေးကို တွန်းအားပေးရန် ကူညီခဲ့သော်လည်း မေလတွင် အလှည့်အပြောင်းဖြစ်ခဲ့ပြီး "စီးပွားရေးတိုးတတ်နိုင်မှု အရှိန်အဟုန်ပျောက်ဆုံးနေ" ကြောင်း သူမက ဆိုသည်ဟု  New York Times ကဖော်ပြသည်။

လာမည့်လတွင် ကျင်းပရန် စီစဉ်ထားသော ပေါ်လစ်ဗျူရို အစည်းအဝေးအပြီးတွင် စီးပွားရေးပညာရှင်များနှင့် လေ့လာသုံးသပ်သူ အများအပြားက စီးပွားရေးတိုးတက်ပြောင်းလည်းရန် လုပ်ဆောင်မည့် အစီအမံများကို ထုတ်ပြန်ကြေညာရန် မျှော်လင့်နေကြသည်။ ပေါ်လစ်ဗျူရိုသည် တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်တန်း ဆုံးဖြတ်ချက်ချသည့် အဖွဲ့ဖြစ်သည်။

China's state-run banks reduce interest rates on deposits
https://www.aninews.in/news/world/asia/chinas-state-run-banks-reduce-int...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly