နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၈  ဇွန်  ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၈  ဇွန်  ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး အလွတ်သဘောဆွေးနွေးပွဲ တစ်ရပ်ကို ဇွန် ၁၈ ရက် နှင့် ၁၉ ရက်အထိ ကျင်းပပြုလုပ်မည် ဖြစ်ပြီး မြန်မာအကြမ်းဖက် စစ်အုပ်စု နိုင်ငံခြားရေး ဝန်ကြီးကို ဖိတ်ကြားရန် စီစဉ်ထားသည်ကို ကြားသိရသည့်အတွက် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် များစွာ စိတ်ပျက်မိကြောင်း သတင်းထုတ်ပြန်ထားသည်။

•    ဇွန် ၁၉ ရက်တွင် ကျရောက်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပန်းသပိတ်ပြုလုပ်နိုင်ရန် NUG ပြည်ထဲရေး နှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ နှင့် မြေပြင် သပိတ်အင်အားစုများ တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၁၆ ရက်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

•    စစ်ကောင်စီပါဝင်မည့် ထိုင်းအစိုးရ၏ မြန်မာ့အရေး Track 1.5 အစည်းအဝေးသို့ ဖိတ်ကြားခံရသည့် နိုင်ငံများ မတက်ရောက်ရန် NUG နိုင်ငံခြားရေး ဝန်ကြီးဌာနက တောင်းဆိုချက် ထုတ်ပြန်ခဲ့သည်။

•    အိန္ဒိယနိုင်ငံအတွင်း ခိုလှုံနေကြသည့် မြန်မာနိုင်ငံသားများ လိုက်နာရန် အချက်များကို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၁၅ ရက်တွင် အသိပေး ထုတ်ပြန်သည်။

 

တော်လှန်ရေး လှုပ်ရှားမှုများ

•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန် ၁၈ ရက်တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ဇွန် ၁၉ ရက်တွင် ကျရောက်မည့် ၇၈ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မုံရွာသပိတ်အင်အား စုမှ ယနေ့ ဇွန် ၁၈ ရက်တွင် ဆန္ဒပြခဲ့သည်။

•    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့တွင် ဇွန် ၁၉ ရက်တွင် ကျရောက်မည့် နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ၇၈ ကြိမ်မြောက် မွေးနေ့အကြိုအဖြစ် ယနေ့ ဇွန် ၁၈ ရက်တွင် မွေးနေ့အကြို ဆုတောင်းခဲ့ကြပြီး “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ ” စာသားနှင့် တော်လှန်ရေး ရဲဘော်များ စုပေါင်းဆန္ဒ ပြခဲ့ကြသည်။

•    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြိုမွေးနေ့အဖြစ် “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဝက်လက်ပြည်သူများ က ချီတက်ဆန္ဒပြကြသည်။

•    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ယာတော်ရွာကို အကြမ်းဖက် စစ်တပ်က အကြမ်းဖက် စစ်တပ်က ဇွန် ၁၈ ရက်၊ နံနက်ပိုင်းက ပစ်ခတ်စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူ များက ပြောသည်။

•    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်း၊ မာလဲတောပျူစောထီးရွာ နှင့် ညောင်ငုတ်တို ပျူစောထီးရွာတို့ကို ဇွန် ၁၆ ရက်၊ နေ့လယ်ပိုင်းမှ ညပိုင်းထိ ဗုံးသီး ၃ လုံးစီကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းတွင် ဇွန် ၁၆ ရက်၊ နံနက် ၆ နာရီခွဲခန့်က အကြမ်းဖက် စစ်တပ်စစ်ကြောင်း နှင့် စစ်ကားကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား တစ်ဦး သေဆုံးပြီး ဗိုလ်မှူး တစ်ဦး အပါအဝင် ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း BLack Wolf –Army ထံမှ သိရသည်။

•    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျေးရွာ ၆ ခုကို ဇွန် ၁၅ ရက်မှ ၁၈ ရက်ထိ မီးရှို့ဖျက်ဆီးပြီး ကျီကုန်ကျေးရွာသား ကိုဆန်းဝင်းအောင် နှင့် ကန်တော်ရိုး ရွာသား တစ်ဦး လည်လှီးမီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

•    မန္တလေးမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့အဖြစ် FREEDOM fROM Fear အင်္ကျီဝတ်ဆင်လျက် စစ်တပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ယနေ့ မန္တ‌လေး သပိတ်အင်အားစုက ပြုလုပ်ခဲ့ ကြသည်။

•    အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD မြိတ်မြို့နယ်မှ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှ တ်တော် ကိုယ်စားလှယ် တစ်ဦး၏ အစ်ကို ဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးပြီး ၁၀ ရက်အကြာတွင် သေဆုံးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

•    အကြမ်းဖက် စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ စစ်ရာဇဝတ်သားကို Track 1.5 အစည်းအဝေး တက်ရောက်ရန်အတွက် ဖိတ်ခေါ်ခဲ့သည့် ထိုင်းနိုင်ငံကို Thailand For Burma က ပြင်းထန်စွာ ကန့်ကွတ် ရှုတ်ချကြောင်း ဇွန် ၁၇ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

•    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယ‌နေ့ စတင်ကျင်းပရန် စီစဉ်ထားသော တရားမဝင် မြန်မာစစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီး တက်ရောက်မည့် မြန်မာ့အရေး ဆွေးနွေးပွဲ နှင့် ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပသည့် ထိုင်းနိုင်ငံ၊ အိမ်စောင့်အစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီး Don Pramudwinai ကို ပြည်တွင်း ပြည်ပ မြန်မာအရပ်ဘက်အဖွဲ့ ၃၁၆ ခုက ပြင်းထန်စွာ ရှုတ်ချကြောင်း ယနေ့ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်သည်။

•    ထိုင်းရောက် မြန်မာနိုင်ငံသားများ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်၁၉ ရက်တွက် ကျရေက်သည့် အသက် ၇၈ နှစ်ပြည့် မွေးနေ့အတွက် သံဃာတော် ၇ ပါးကို ယနေ့ ဇွန် ၁၈ ရက်တွက် ဘန်ကောက်မြို့၊ ဘန်ခွန်ထီယမ် ၁၄ လမ်း၊ ပါကပေါင်းဈေးအနောက်ဘက် ခန်းမတွင် ဆွမ်းဆက်ကပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

•    အကြမ်းဖက် စစ်ကောင်စီက မတရားဖမ်းဆီး အကျဉ်းချထားသော လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် အကြိုမွေးနေ့များကို ဆွီဒင်နိုင်ငံ၊ အောရီဘရိုမြို့ နှင့် ရယ်သယ်ဘော်ရီမြို့များတွင် ပြည်ပရောက် မြန်မာပြည်သူများက စုပေါင်းကျင်းပပြီး မွေးနေ့ ဆုမွန်ကောင်းများ တောင်းပေးကြသည်။

•    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြို PDF တပ်ခွဲ ကင်းစခန်း ၁ ခု ဝင်ရောက် စီးနင်းခံရပြီး ရဲဘော် ၁ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

တိုင်းရင်းသား လက်နက်ကိုင်များ
 

•    ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ ကန်ပက်လက်မြို့မရဲစခန်းကို ဇွန် ၁၆ ရက်၊ နံနက်ပိုင်းက ရှော့တိုက်ဒုံး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း CDF-Kanpetlet ထံမှ သိရသည်။

•    ရှမ်း-ကယား နယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ဖလိုင်တောင်ခြေရွာရှိ စစ်တပ်ယာယီစခန်းများကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မှတ်တမ်းကို KNDF က ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

•    ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တပ်မဟာ ၂ နယ်မြေ သံတောင်-ဘောဂလိလမ်း ချောင်းနှစ်ခွရွာတွင် ဇွန် ၁၇ ရက်၊ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က စစ်တပ်ပစ်ခတ်စော လက်နက်ကြီးကျရောက်သဖြင့် ပြည်သူ တစ်ဦး သေဆုံးပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာရကာ အရေးပေါ်ဆေးကုသစရိတ် လိုအပ်နေကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ
 

•    အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ နှင့် အရှေ့တောင် အာရှ (ဖိတ်ခေါ်) ကာယဗလ နှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန် ၁၇ ရက်က နေပြည်တော်တွင် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့သည်ဟု သိရသည်။

•    ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် နှင့် တရားသူကြီး တစ်ဦးတို့ကို ခန့်အပ်တာဝန်ပေး လိုက်ကြောင်း စစ်ကောင်စီက ဇွန် ၁၇ ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ခဲ့သည်။

•    မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံအနေဖြင့် UNWTO အပြင် အဖွဲ့ဝင်အားလုံးနှင့်ပါ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာ စစ်ကောင်စီသံအမတ် သစ်လင်းအုန်းက ဇွန် ၁၆ ရက်က ဖနောင်ပင်မြို့တွင် ကျင်းပသည့် အရှေ့အာရှ နှင့် ပစိဖိတ်ဒေသများနှင့်တောင်အာရှဒေသများ ပူးတွဲကော်မရှင်အစည်းအဝေးတွင် ပြောသည်။

•    မြန်မာနိုင်ငံ နှင့် ဥရောပ-အာရှ စီးပွားရေး ကော်မရှင်တို့ကြား ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ အား ဇွန် ၁၅ ရက်၊ နံနက်ပိုင်းက ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် ၂၆ ကြိမ်မြောက် နိုင်ငံတကာ စီးပွားရေး ဖိုရမ် ဒုတိယနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

•    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ နှင့် မွန်ပြည်နယ်၊ သိမ်ဇရမ်မြို့များအတွင်းသို့ KKO (ခွဲထွက်) အဖွဲ့၊ KNLA အဖွဲ့ နှင့် PDF အဖွဲ့တို့က ဇွန် ၁၆ ရက်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် မှုကြောင့် ပြည်သူ တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာ ရခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

•    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့အနီးတွင် ဇွန် ၁၈ ရက်၊ နံနက်ပိုင်းက တရုတ်နိုင်ငံမှ လာသည့် အကြမ်းဖက် စစ်တပ်၏ လက်နက်ခဲယမ်းများ တင်ဆောင်လာသော ၁၂ ဘီကား တိမ်းမှောက်ပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

•    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ရှိ ကျောက်အိုင်ရွာကို အကြမ်းဖက် စစ်တပ်၏ ခလရ ၃၁ က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး သေဆုံးပြီးနောက် တပ်ရေးဗိုလ်ကြီး ဇော်မျိုးအောင်က ဇွန် ၁၆ ရက် မိသားစုဝင်များကို ငွေကျပ် ၂ သိန်း လာပေးသွားကြောင်း ဒေသခံပြည်သူများက ပြောသည်။

•    ချင်းပြည်နယ်၊ မင်းတပ်အခြေစိုက် ခလရ ၂၇၄ မှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်ထိမှန်ပြီး မဟာဓာတ် အားလိုင်း တာဝါတိုင်ပြိုလဲသွားခြင်းကြောင့် မင်းတပ်၊ မတူပီ နှင့် ကန်ပက်လက် မြို့နယ်များတွင် လျှပ်စစ် ဓာတ်အား ပြတ်တောက်နေကြောင်း သိရသည်။

 

ဇွန် ၁၈ ရက် သုံးသပ်ချက်
 

•    ထိုင်းစစ်အစိုးရက က ကမကထပြုလုပ်ကျင်းပမည့် မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးကို ဖိတ်ကြားမှုအပေါ် ပြည်တွင်း ပြည်ပအဖွဲ့အစည်း နှင့်နိုင်ငံတကာက ကန့်ကွက်မှုများရှိနေ သည့်အတွက်စစ်ကောင်စီကို နိုင်ငံတကာလက်မခံသေး သည့်သဘောမျိုး ဖြစ်ပြီး ထိုင်းစစ်အစိုးရ၏ ကြိုးပမ်းမှုက အဖြေထွက်မည့်မဟုတ်ဟုဆိုရမည်ဖြစ်သည်။

•    စစ်ကောင်စီက မတရားဖမ်းဆီးချုပ်နှောင်ထားသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ပြည်တွင်း ပြည်ပရှိ ပြည်သူများက မွေးနေ့အကြို လှုပ်ရှားမှုများ ပြုလုပ်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required