ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် အဖြစ် လှူဒါန်းမှုများပြုလုပ်

By KMN (မဇ္ဈိမ)
18 June 2023
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် အဖြစ် လှူဒါန်းမှုများပြုလုပ်
Photo - S&C အဖွဲ့

ဇွန်လ ၁၉ ရက်တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် ဒီပဲယင်းမြို့နယ်၊ ရွှေဘိုမြို့နယ် နှင့် အရာတော်မြို့နယ်များတွင် လှူဒါန်းမှုများပြုလုပ်နေကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်သည်။

"၇၈ နှစ်ပြည့် အမေစုမွေးနေ့အထိမ်းအမှတ်အဖြစ် ဇွန်လ ၁၇ ရက်နေ့ကနေ ဇွန်လ ၁၉ ရက်နေ့အထိ စစ်ဘေးသင့် ပြည်သူတွေ အတွက် ကျပ်သိန်း ၂၅၀ တန်ကြေးရှိတဲ့ လှူဒါန်းမှုတွေကို သုံးရက်တိတိပြုလုပ်ပါမယ် " ဟု S&C အဖွဲ့ တာဝန်ခံက ပြောကြားသည်။

ဒီပဲယင်းမြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် အရာတော်မြို့နယ်များအပါအဝင် မြို့နယ် ငါး မြို့နယ်မှ
ကျေးရွာ ၁၀ ရွာတွင် လှူဒါန်းမှုများပြုလုပ်နေကြောင်း၎င်းက ဆိုသည်။

 S&C အဖွဲ့ သည် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဇွန်လ ၁၇ ရက်နှင့် ဇွန်လ ၁၈ ရက်နေ့များတွင် အရာတော်မြို့နယ်မှ မြွေကိုက်ခံရသည့်လူနာ နှစ်ဦးအား မြွေဆိပ်ဖြေဆေးအလုံး ၂၀ ပေးအပ်ခဲ့ကြောင်း၊ ဆားလင်းကြီးမြို့နယ်၊ညောင်ပင်ကြီးကျေးရွာမှ စစ်ဘေးရှောင် ၁,၀၅၀ ဦးအား ထမင်းဟင်းများကျွေးမွေးခဲ့ကြောင်း၊ ခင်ဦးမြို့နယ်စစ်ဘေးသင့်ကျေးရွာ ကိုသွားရောက်ပြီး ဆီ၊ဆား၊မိုးကာ၊အဝတ်အထည်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

၎င်းအပြင်  ဒီပဲယင်းမြို့နယ်၊ စစ်ဘေးသင့် ကျေးရွာနေပြည်သူများအတွက် Solar Power Station စုစုပေါင်း ၂၁ စုံလှူဒါန်းပေးခဲ့ကြောင်း၊ စစ်ဘေးသင့်ကျေးရွာတစ်ရွာတွင် နွေဦးတွဲလက်များအမည်ပေးထားသည့်စစ်ဘေးသင့်ပြည်သူတွေအတွက်ရေကန်တည်ဆောက်ပေးခဲ့ပြီးစစ်ဘေးမီးဘေးသင့် ကျောင်းသား၊ ကျောင်းသူ ၁၃  ဦးအတွက်ကျောင်းသုံးသင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ကြောင်း၎င်းအဖွဲ့က ထုတ်ပြန်ထားသည်။

 စာတည်း။ ။ အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly