ဝက်လက်မြို့နယ်အတွင်းရှိကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့

By KMN (မဇ္ဈိမ)
18 June 2023
ဝက်လက်မြို့နယ်အတွင်းရှိကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့
Photo -  စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေး ( စစ်ကောင်စီတပ် မီးရိူ့ဖျက်စီးခဲ့သည့် ဆားတောင်မြို့နယ်၊ သာဇင်ကျေးရွာ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိကျေးရွာများကို  အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ဇွန်လ ၁၇ ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ် နေသည်ဟု ဒေသခံများက ပြောသည်။

“ဝက်လက်မြို့နယ်အနောက်ခြမ်း သားပျောက်ကုန်းရွာမှာ ရောက်နေတဲ့စစ်ကြောင်းက အနောက်ဘက်ကို ထွက်နေပါတယ်။ မောက်ကဒီးရွာတောင်ဘက်ရောက်နေတဲ့စစ်ကြောင်းက ရေဆိုးတွင်ရွာဘက်မှာ လက် နက်ငယ်တွေနဲ့ ပစ်နေတယ်လို့ သတင်းရထားတယ်” ဟု ဝက်လက်မြို့နယ် သတင်းကွန်ရက်မှ တာဝန်ရှိ သူက ပြောသည်။

အဆိုပါစစ်ကြောင်းသည် ဇွန်လ ၁၇ ရက်နေ့တွင် ဝက်လက်မြို့နယ်အနောက်ခြမ်းရှိ ကံပလုပ်ရွာနှင့် တဲ ကောရွာတို့အား မီရှို့ဖျက်ဆီးခဲ့ပြီး ယနေ့ ဇွန်လ ၁၈ ရက် နံနက်ပိုင်းတွင် ဘုရားပြန်ရွာရှိ နေအိမ်များကို မီးရှို့၍ တဲကောရွာဘက်သို့ ပြန်လည်ထွက်ခွာကာ သားပျောက်ကုန်းရွာနှင့် မောက်ကဒီးရွာ တောင်ဘက် တို့အား အဖွဲ့နှစ်ဖွဲ့ခွဲ၍ စစ်ကြောင်းထိုးနေကြောင်း ဝက်လက်မြို့နယ် သတင်းကွန်ရက် (Wetlet Informational Network) ကထုတ်ပြန်ထားသည်။

ယင်းစစ်ကြောင်းသည် ဆားတောင်မြို့နယ် သာဇင်ရွာနှင့် ပေါက်မရွာများအား ဇွန်လ ၁၃ ရက်မှ ၁၅ ရက် နေ့အထိ  မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံများကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားခဲ့သည့် စစ်ကြောင်း ဖြစ်သည် ဟု သိရသည်။

ဇွန်လ ၁၃ရက်နေ့တွင် အိမ်ခြေ ၁,၀၀၀ ခန့်ရှိသည့် သာဇင်ကျေးရွာအား စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၆၀၀ ခန့် မီးလောင်ပြာကျခဲ့ပြီး အသက် ၆၀ အရွယ် အမျိုးသမီးတဦး မီးလောင်သေ ဆုံးခဲ့ကြောင်း သိရသည်။

ယင်းစစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၁၄ ရက်တွင် အိုင်းဓမ္မရွာမှ နေအိမ် ၁၀ လုံးကို မီးရှို့ခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့တွင် ပေါက်မရွာတောင်ခြမ်းနှင့် မြောက်ခြမ်းကို ဝင်ရောက်စီးနင်းမီးရှို့ခဲ့ကာ သာဇင်ကျေးရွာမှ ဒေသခံ၂၅ ဦး၊ အိုင်းဓမ္မကျေးရွာနှင့်ပေါက်မရွာမှ ဒေသခံ ၁၀ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်ပြီး ဝက်လက်မြို့ နယ်အတွင်း ပြန်လည်ဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇွန်လဆန်းပိုင်းတွင် ဝက်လက်မြို့နယ်မှတဆင့် စစ်ကိုင်းမြို့ နယ်အတွင်း ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်၍ ယင်းမှတဆင့် ဆားတောင်မြို့နယ်အတွင်း စစ်ကြောင်းထိုး မီးရှို့မှုများပြုလုပ်ကာ ဇွန်လ ၁၇ ရက်နေ့တွင် ဝက်လက်မြို့နယ်အတွင်း ပြည်လည် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့မှုများကြောင့် ဆားတောင်မြို့နယ်၊ သာဇင်ရွာ၊ အိုင်းဓမ္မရွာ၊ ပေါက် မရွာနှင့် အနီးအနားကျေးရွာဒေသခံများ၊ ဝက်လက်မြို့နယ် သားပျောက်ကုန်း၊ ဘုရားပြန်၊ မောက်ကဒီး စသည့်ကျေးရွာများမှ ဒေသခံထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly