အိန္ဒိယနိုင်ငံအတွင်း ခိုလှုံနေသည့် မြန်မာနိုင်ငံသားများ လိုက်နာရန်အချက်များ NUG အသိပေး

By ပါခွီး (မဇ္ဈိမ)
18 June 2023
အိန္ဒိယနိုင်ငံအတွင်း ခိုလှုံနေသည့် မြန်မာနိုင်ငံသားများ လိုက်နာရန်အချက်များ NUG အသိပေး

အိန္ဒိယနိုင်ငံအတွင်း ခိုလှုံနေကြသည့်မြန်မာနိုင်ငံသားများ လိုက်နာရန်အချက်များကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်နေ့တွင် အသိပေးထုတ်ပြန်ထား သည်။

အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ယာယီခိုလှုံနေကြသည့် မြန်မာနိုင်ငံသားများနှင့် ယင်းမြန်မာနိုင်ငံသား များဖွဲ့စည်းထားသည့် လူမှုအဖွဲ့အစည်းများအနေဖြင့် ထုတ်ပြန်ထားသည့်အချက်များကို လေးစားလိုက် နာပေးကြရန် လေးစားစွာ မေတ္တာရပ်ခံပန်ကြားအပ်ပါကြောင်း ဆိုသည်။

အိန္ဒိယသမ္မတနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ထိပါးစေသည့် ပြုမူလုပ်ဆောင်မှုများကို ရှောင်ကျဉ်ကြရန် ထုတ်ပြန်ချက်တွင်အသိပေးထားသည်။

မိမိတို့ရောက်ရှိ ခိုလှုံနေထိုင်နေသည့် ပြည်နယ်၏ နိုင်ငံရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ အရေးအရာများ ဥပမာ အားဖြင့် နိုင်ငံရေးပါတီများ၏ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုနှင့် လူမျိုးရေးအခြေပြု အခြေတင်ဖြစ်မှုများ တွင် မလိုအပ်ဘဲ ငြိစွန်းရောယှက်မှုများ မရှိစေရေး သတိပြုနေထိုင်ကြပါရန် ဟုဆိုသည်။

“မဏိပူရပြည်နယ်မှာ ကသည်းတွေနဲ့ ကူကီးအပါအဝင် တောင်ပေါ်သားတွေနဲ့ လူမျိုးရေးပြဿနာဖြစ်နေ တာရှိတယ် အဲဒီအထဲမှာ ကူကီးတွေဖက်ကို မြန်မာပြည်က PDF တွေပါနေတယ်ဆိုပြီး စွပ်စွဲနေတာမျိုး ရှိတယ် အဲဒါတွေကြောင့် အခုလိုသတိပေးတာထင်တယ်” ဟု မြန်မာနိုင်ငံသားတဦးက ပြောသည်။

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်း ကသည်းလူမျိုးများနှင့် ကူကီးအပါအဝင် တောင်ပေါ်သားများနှင့် လူမျိုးရေးပဋိပက္ခဖြစ်ပွားနေပြီး ယင်းပြဿနာများတွင် အိန္ဒိယ-မြန်မာနယ်စပ်ရှိ ကာကွယ်ရေးတပ်ဖွဲ့များ ပါဝင်ပတ်သက်မှုများ ရှနေကြောင်း မဏိပူရနိုင်ငံရေးခေါင်းဆောင်တစ်ဦးက စွပ်စွဲပြောဆိုခဲ့မှုအပေါ် သုံး သပ်ပြီး ၎င်း၏အမြင်ကို မြန်မာနိုင်ငံသားက ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် မူးယစ်ဆေးဝါးနှင့် တောတိရိစ္ဆာန်များတရားမဝင် ရောင်းဝယ်သယ်ဆောင်မှု ပြုလုပ်ခြင်းအား ပါဝင်ပတ်သက်ခြင်း မပြုလုပ်ကြရန် အသိပေးထားသည်။

“ကျနော့်အနေနဲ့ ထုတ်ပြန်ချက်ကိုကြိုဆိုတယ်။ဒီအချက်တွေကို မြန်မာနိုင်ငံသားတွေကြားမှာ ကျယ် ကျယ်ပြန့်ပြန့် သိအောင်လုပ်ရမယ်။ ကိုယ့်လူတွေကို ပိုထိန်းကျောင်းဖို့ လိုနေတယ်လို့ထင်တယ်” ဟု မြန်မာစစ်ဘေးရှောင်များ ကူညီနေသည့် အဖွဲ့အစည်းမှ ခေါင်းဆောင်တဦးက ပြောသည်။

မြန်မာနိုင်ငံသားများသာမကဘဲ ဒေသခံများကိုပါ သူတို့နားလည်နိုင်သည့် ဘာသာစကားဖြင့် အသိပေးနိုင်ပါက ၎င်းတို့ပြုလုပ်နေသည့် လူသားချင်းစာနာထောက်ထားသည့် လုပ်ငန်းများတွင်ပါ အထောက်အကူပြုနိုင်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံဖက်မှ မူးယစ်ဆေးဝါးများ မီဇိုရမ်ပြည်နယ်ဖက်သို့ ဝင်ရောက်လျက်ရှိပြီး ဖမ်းဆီးမှုများလည်း အဆက်မပြတ် ဖြစ်ပေါ်နေသည့်အပေါ် ဒေသခံအချို့က မြန်မာနိုင်ငံသားများအပေါ် အမြင်မကြည်လင်မှု များ ရှိနေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသားများ ရောက်ရှိနေထိုင်သည့် ရပ်ကွက်/ကျေးရွာများရှိ ဒေသခံပြည်သူလူထုနှင့်သင့်တင့် လျောက်ပတ်စွာ နေထိုင်ပေးကြရန်နှင့် ထုတ်ပြန်ထားသော လူမှုရေး ၊ ဘာသာရေး စည်းကမ်းများကို လည်း လိုက်နာပေးကြပါရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများအနေဖြင့် လူမှုရေးအခက်အခဲပြဿနာများ ကြုံတွေ့ရပါက အနီးစပ်ဆုံး မြန်မာလွှတ် တော်ကိုယ်စားလှယ်များ ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများအား အသိပေးတိုင်ပင်ခြင်းနှင့် လိုအပ်ပါက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းများ ပြုလုပ်ကြရန် အသိပေးထား သည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုအဖွဲ့အစည်းများအနေဖြင့် ယခုအသိပေး မေတ္တာရပ်ခံချက် ကို မိမိတို့နှင့် ဆက်စပ်ထိတွေ့နေသော စစ်ဘေးရှောင်စခန်းများနှင့် အသိုက်အဝန်းများကို ထပ်ဆင့် အသိပေးပါရန်လည်း မေတ္တာရပ်ခံထားသည်။

အိန္ဒိယနိုင်ငံအတွင်း မီဇိုရမ် ၊ မဏိပူရ ၊ နာဂလဲန်းပြည်နယ်များနှင့် နယူးဒေလီမြို့တွင် မြန်မာ နိုင်ငံသား စစ်ဘေးတိမ်းရှောင်သူ ၅၀,၀၀၀ ခန့် နေထိုင်လျက်ရှိကြောင်း အကူအညီပေးရေးအဖွဲ့အစည်းများထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#အိန္ဒိယနိုင်ငံ

#NUG

#စစ်ဘေးရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly