သံတောင်ကြီးမြို့နယ်၌ လက်နက်ကြီးကျည်ထိမှန်၍ အဖွားအို သေဆုံး၊ ၂ ဦး ဒဏ်ရာရ

By YT (မဇ္ဈိမ)
18 June 2023
သံတောင်ကြီးမြို့နယ်၌ လက်နက်ကြီးကျည်ထိမှန်၍ အဖွားအို သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ချောင်းနှစ်ခွရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်‌ ပေါက်ကွဲမှုကြောင့် အဖွားအိုတစ်ဦး သေဆုံး၍ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်ထံက သိရသည်။

“အားလုံးပေါင်း သုံးဦးထိတာ။ အဖွားတစ်ယောက်ကဆုံးသွားတယ် ။ နှစ်ဦးကို တောင်ငူဆေးရုံကိုပို့လိုက်တယ်။​ ပြင်းထန်ဒဏ်ရာနဲ့ပါ" ဟု တပ်မဟာ (၂) မှ သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ယနေ့ ဇွန်လ ၁၇ ရက် နံနက် ၈ နာရီမှစတင်၍ သံတောင်ကြီးမြို့နယ်၊ ၁၆ မိုင် နှင့် ချောင်းနှစ်ခွကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်မဟာ (၂) KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ၁၆ မိုင်ရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် ချောင်းနှစ်ခွကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်တစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများမကြာခဏ ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်စခန်းများက ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိကာ ဒေသခံများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများ ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ ခလရ(၃၀၆) ရှားစေဘို တပ်စခန်းမှ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းကြောင့် တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ရှိ ထိုလွီးဝါးအထက်တန်းကျောင်းဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ယင်းကျောင်းတွင် ကျောင်းအိပ်၊ ကျောင်းစား ဘော်ဒါကျောင်းတက်နေသော ခုနစ်တန်းကျောင်းသူသုံးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။။ အောင်ကျော်ဖြိုး

#ကရင်ပြည်နယ်

#သံတောင်မြို့နယ်

#စစ်ကောင်စီတပ်

#လက်နက်ကြီးပစ်ခတ်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly