NLD လွှတ်တော်အမတ်၏အစ်ကိုအား စစ်ကောင်စီတပ်ကဖမ်းဆီးပြီး စစ်ကြောရေးတွင် နှိပ်စက်သတ် ဖြတ်

By ကိုရွှေမြိတ် (မဇ္ဈိမ)
18 June 2023
NLD လွှတ်တော်အမတ်၏အစ်ကိုအား စစ်ကောင်စီတပ်ကဖမ်းဆီးပြီး စစ်ကြောရေးတွင် နှိပ်စက်သတ် ဖြတ်

တနင်္သာရီတိုင်း၊ မြိတ်မြို့ NLD ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၏ အစ်ကိုဖြစ်သူအား ဇွန်လ ၆ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က နေအိမ်၌ဝင်ရောက်ဖမ်းဆီးကာ စစ်ကြောရေးသို့ ပို့ဆောင်ပြီးနောက် သေဆုံးသွားခဲ့ကြောင်း မိသားစုနှင့်နီးစပ်သည့်အသိုင်းဝိုင်းမှ သိရ သည်။

NLD ပါတီ မြိတ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇော်တင့်၏အစ်ကိုဖြစ်သူ ဦးတင် သန်းဦးအပါဝင် မိသားစုဝင်သုံးဦးကို ဇွန်လ ၆ ရက်နေ့က နောက်လယ်ရပ်ကွက်ရှိ နောက်လယ် (၁၁) လမ်း နေအိမ်တွင် စစ်ကောင်စီ၊ ရဲတပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်များက လာရောက်ဖမ်းဆီးခဲ့ပြီး အမျိုးသမီးနှစ်ဦးကို ပြန်လွတ်ပေးခဲ့သည်ဟု ဒေသခံများကပြောသည်။

“ကိုတင်သန်းဦးက စစ်ကြောရေးမှာအပြင်းအထန်ရိုက်နှက်စစ်ဆေးခံထားလို့ တကိုယ်လုံးမှာ ဒဏ်ရာတွေ အများကြီးနဲ့ သေဆုံးသွားတာဖြစ်တယ်”ဟု မိသားစုနှင့်နီးစပ်သူက ပြောသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့်သေဆုံးသွားခဲ့သည့် ဦးတင်သန်းဦးအား စစ်ကြောရေးမှ တဆင့် စစ်ဆေးရုံသို့ပို့ဆောင်ပြီးနောက် သင်္ချိုင်းအရောက် မီးသင်္ဂြိုဟ်ခါနီးမှ မိသားစုဝင်များထံ အသိပေး အကြောင်းကြားခဲ့ကြောင်း သိရသည်။

“အလောင်းကို ပြန်ပေးတာမျိုးတော့မဟုတ်ဘူး။ သူတို့ပဲ သင်္ချိုင်းမှာ မီးသင်္ဂြိုဟ်လိုက်တာပါ။ မီးမရှို့ခင် မိသားစုဝင်ကိုခဏခေါ်ပြပြီး ချက်ချင်းသင်္ဂြိုဟ်လိုက်တယ်”ဟု မိသားစုနှင့်နီးစပ်သူတဦးကပြောသည်။

ဦးတင်သန်းဦးသည် စစ်ကြောရေးတွင် တကိုယ်လုံးအား သံပူဖြင့်ကပ်ခံထားရသလို ရိုက်နှက်မှုကြောင့် ခြေနှင့်လက်ပါကျိုးနေကြောင်း မိသားစုနှင့်နီးစပ်သူတဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း မြိတ်မြို့ နောက်လယ်ရပ်ကွက်(၁)လမ်းတွင် ထမင်းဆိုင်ဖွင့်ထားသည့် ဦးပြည့်စုံဦး(ခ)တီတီအား စစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်းဆီးသွားပြီးနောက် သုံးရက်အကြာတွင် သတ်ဖြတ်ခံခဲ့ရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း

#လွှတ်တော်အမတ်

#စစ်ကြောရေး

#နှိပ်စက်သတ်ဖြတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly