NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင် အိုးဘိုထောင်တွင် အမောဖောက်လဲကျရာ ပြင်ပဆေးရုံ၌ ကုသမှုခံယူနေရ

By 007 (မဇ္ဈိမ)
17 June 2023
NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင် အိုးဘိုထောင်တွင် အမောဖောက်လဲကျရာ ပြင်ပဆေးရုံ၌ ကုသမှုခံယူနေရ

မန္တလေး အိုးဘိုထောင်တွင်အကျဥ်းကျခံနေရသော၊ NLD  အစိုးရလက်ထက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်သည်၊ ထောင်တွင်းပင်ပန်းနွမ်းနယ်မှုဒဏ်ကြောင့် ရုတ်တရတ်အမောဖောက်ရာမှ ပြင်ပဆေးရုံသို့ ပို့ဆောင်ကုသပေးနေရကြောင်း ထောင်တွင်းသတင်းရင်းမြစ်များထံက သိရသည်။ 

"မနေ့ကမနက်ပိုင်းမှာ အမောဖောက်လို့ဆိုပြီး၊ ထောင်အပြင်ထုတ်သွားတယ်၊ ထောင်ဆေးရုံနဲ့အဆင်မပြေတော့လို့ အပြင်ဆေးရုံခေါ်သွားတာလို့ကြားတာပဲ၊ သူ ကျန်းမာရေးသိပ်မကောင်းဘူး ထောင်ထဲမှာတအားပင်ပန်းဒဏ်ခံနေရတယ်" ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။

အသက် ၇၂နှစ်အရွယ်ရှိနေပြီဖြစ်သော ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်သည်၊ ထောင်တွင်းပင်ပန်းဆင်းရဲမှုဒဏ်ကြောင့်၊ မကြာခဏ အမောဖောက်ပြီး မူးလဲမှုတို့ဖြစ်နေရာ၊ ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင်၊ မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးရောဂါအထူးကုဌာနသို့ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်ကြောင်း၊ အကျဥ်းဦးစီးဌာနနှင့်နီးစပ်သူ တစ်ဦးကအတည်ပြုသည်။

ပြည်ထောင်စု၀န်ကြီးဟောင်း ဦး၀င်းခိုင်ကို၊ စစ်တပ်ကအာဏာသိမ်းပြီးနောက် အဂတိလိုက်စားမှုပုဒ်မဖြင့် စွပ်စွဲပြီး ထောင် ၂၈ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

၎င်းနှင့်အတူ၊ ဒု၀န်ကြီးများဖြစ်ကြသော ဒေါက်တာထွန်းနိုင်နှင့် ဦးခင်မောင်၀င်းတို့လည်း အမှုတွဲပါဝင်ခဲ့ပြီး၊ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ ရေသွယ်ဥမင်ဖောက်လုပ်ခြင်းလုပ်ငန်းကို၊ နိုင်ငံတကာကုမ္ပဏီတစ်ခုနှင့် ၂၀၁၅ ခုနှစ် မတ်လ ၁၂ ရက်နေ့က စာချုပ်ချုပ်ဆိုခဲ့ရာတွင်၊ လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ခြင်းမပြုဘဲ ၁၆ လ သက်တမ်းတိုးမြှင့်ခွင့်ပြုပေးခဲ့ခြင်းကြောင့်၊ ထုတ်လုပ်မှုကီလို၀ပ်နာရီ(ယူနစ်)သန်းပေါင်း ၁,၈၀၀ ကျော် ထုတ်လုပ်နိုင်မှုမရှိခြင်းကြောင့်၊ ဘဏ္ဍာငွေ ကျပ် ၃၀ ဘီလီယံခန့် ထိခိုက်နစ်နာစေခဲ့သည်ဟု စွပ်စွဲခဲ့ခြင်းဖြစ်သည်။ 

ထို့အပြင် ထား၀ယ်ဒေသ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဆောင်ရွက်သော၊ တနင်္သာရီတိုင်းအစိုးရက စီမံခန့်ခွဲသည့် GGS ကုမ္ပဏီအတွက် ဓာတ်ငွေ့ဖိုးငွေကျပ် ခြောက်ဘီလီယံကျော်ကို ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြခွင့်ပြုချက်ရယူမှုမရှိဘဲ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းဌာန ဘတ်ဂျက်မှ ကြိုတင်စိုက်ထုတ်ပေးချေရန် ခွင့်ပြုခဲ့သည်ဟုလည်း စွပ်စွဲထားသည်။

၀န်ကြီးနှင့်ဒု၀န်ကြီးဒေါက်တာထွန်းနိုင်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရလည်းကောင်း၊ ဒုတိယ၀န်ကြီးဦးခင်မောင်၀င်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပ ဒေပုဒ်မ ၅၅/၆၃ အရလည်းကောင်း နေပြည်တော် ဘုရားကုန်းမြို့မရဲစခန်းတွင်၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်တရားစွဲဆိုပြီး၊ ထောင် ၂၈ နှစ်ချကာ၊ မန္တလေးဗဟိုအကျဥ်းထောင်(အိုးဘိုထောင်)သို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

စာတည်း -သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required