လုံခြုံရေးဦးစားပေးရ၍ မြေပြင်သပိတ်များ နည်းပါးလာခြင်းဖြစ်ဟု မြေပြင်သပိတ်အဖွဲ့များပြော

By ဂန္ဒမာ (မဇ္ဈိမ)
16 June 2023
လုံခြုံရေးဦးစားပေးရ၍ မြေပြင်သပိတ်များ နည်းပါးလာခြင်းဖြစ်ဟု မြေပြင်သပိတ်အဖွဲ့များပြော

မြို့ပြတွင် မြေပြင်သပိတ်များ နည်းပါးလာခြင်းမှာ အရေးနိမ့်သွား၍ မဟုတ်ဘဲ လုံခြုံရေးဦးစားပေးလာရ၍ ဖြစ်ကြောင်း မြေပြင်သပိတ်အဖွဲ့အစည်းများက မဇ္ဈိမကိုပြောသည်။ တော်လှန်ရေးကာလ နှစ်နှစ်ကျော်ကြာမြင့်လာပြီးနောက် မြို့ပြများတွင် သပိတ်စစ်ကြောင်းများ နည်းပါးလာကြောင်း ပြည်သူများကပြောသည်။  

"အရင်နိဒါန်းအစကဆို နေ့စဥ် အထွေထွလူထုသပိတ်တိုက်ပွဲတွေ အဲ့ဒီကမှ သပိတ်စစ်ကြောင်းတွေ၊ အခုအချိန်ကြ ပြောက်ကျားသပိတ်တိုက်ပွဲတွေ ဒါတွေဟာ နွေဦးတော်လှန်ရေးကာလ မြို့ပြသပိတ်တွေရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်တွေပဲဖြစ်ပါတယ်။သပိတ်တွေမှာ ပါဝင်တဲ့လူနည်းသွားတာ သပိတ်အရေအတွက်နည်းသွားတာတွေဟာ အရေးနိမ့်လာတာမဟုတ်ဘဲ နိုင်ငံရေးရေချိန်နဲ့ လုံခြုံရေးဦးစားပေးမှု အခြေအနေတွေကြောင့် ဖြစ်ပါတယ်" ဟူ၍ ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌက မဇ္ဈိမ ကို ဖြေကြားသည်။

မြို့ပြတော်လှန်ရေးအင်အားစုများတွင် ငွေထောက်ပံ့ရရှိမှု နည်းပါးလာပါက လုံခြုံသည့်နေရာရရှိရန် ခက်ခဲလာပြီး မြို့ပြများတွင် နေထိုင်မှသာ မြို့ပြလှုပ်ရှားမှုများကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း Owl Community ‌ဥက္ကဋ္ဌက ပြောသည်။ ထို့ပြင် တော်လှန်ရေးအင်အားစုများသည် မြို့ပြတွင်နေထိုင်နိုင်ရန် ခက််ခဲလာ၍ မြို့ပြကို စွန့်ခွာသွားသည့် အဖွဲ့များလည်းရှိကြောင်း သိရသည်။ 

"  လှုပ်ရှားသူအင်အားနည်းပါလာတာကလည်း နေထိုင်မှု အခြေအနေနဲ့ ဖမ်းဆီးခံရတာတွေကြောင့်ပဲဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့နောက်ပိုင်းမှာဆိုရင် အဖွဲ့အစည်းတိုင်းရဲ့ အင်အားဟာနည်းပါးလာတာ တွေ့ရပါတယ်။ နောက်ဆုံးခက်ခဲမှုက လုံခြုံရေးပိုင်းပါ။ လုံခြုံရေးဟာ အရင်ထပ်ပိုမို တင်းကျပ်လာတဲ့ အတွက် မြို့ပြလှုပ်ရှားတဲ့ အဖွဲ့တိုင်းက နောက်ပိုင်းအချိန်တွေမှာလည်း  ပိုမိုခက်ခဲလာအုံးမယ်လို့ ထင်မြင်ပါတယ်" ဟူ၍ Owl Community ‌ဥက္ကဋ္ဌက ပြောသည်။

သပိတ်ဆိုသည်မှာ လူထုလှုံ့ဆော်ရေး လှုပ်ရှားမှုဖြစ်ပြီး ပြည်သူများအား စစ်ကောင်စီလက်အောက်တွင် နေသားမကျစေရန် အရဲစွန့်လှုံ့ဆော်မှုများပြုလုပ်ရကာ တစ်ဖက်တွင်လည်း စစ်ကောင်စီကမြေပြင်သပိတ်များမရှိအောင် လိုက်လံဖမ်းဆီးနေခြင်းကို ကြည့်ခြင်းအားဖြင့် မြေပြင်သပိတ်သည် အရေးပါကြောင်း သပိတ်အဖွဲ့အစည်း တာဝန်ရှိသူများက ဆိုသည်။ 

"လူအများစုကတော့ အခုအချိန်မှာ မြေပြင်သပိတ်တွေ မထွက်သင့်တော့ဘူး။  အသက်ကိုဒီထက်ပိုပြီး မစွန့်စားသင့်တော့ဘူး လို့ ပြောကြလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး ဒီစစ်ဖိနပ်အောက်ကလွတ်မြောက်ဖို့ ကျွန်တော်တို့ကိုယ်တိုင် မြေပြင်သပိတ်နည်းလမ်းအပါအဝင် တော်လှန်ရေးအတွက် ကျရာနေရာ ကျရာတာဝန်ကို ထမ်းဆောင်ပြီး လှည်းနေ လှေအောင်း မြင်းစောင်းပါမကျန် လူထုလွတ်မြောက်ရေးအတွက် လူထုကပဲ အတူတကွ တိုက်ခိုက်ကြဖို့လိုအပ်ပါတယ်"ဟု ရန်ကုန်လူထုသပိတ် ဦးဆောင်သူက ပြောသည်။

သပိတ်အဖွဲ့အစည်းများအနေဖြင့် ယခင်ကလို မြေပြင်တွင် သပိတ်တိုက်ပွဲဖော်ဆောင်မှုများပြုလုပ်ရန် ခက်ခဲပင်ပန်းမှုများရှိလာသော်လည်း တော်လှန်ရေး၏ အရွေ့အပြောင်း ရေချိန် သဘောတရားအတိုင်း လှုပ်ရှားဖို့အသင့်ရှိနေကြောင်း ၎င်းက ဆိုသည်။

ပြောက်ကျားသပိတ်ဖော်ဆောင်ခြင်းများ၊ စာတန်းချိတ်ဆွဲခြင်း၊ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လူထုစည်းရုံးရေး ၊ Boycott နှင့်Social Punishmentပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်မျှဝေခြင်း၊ စတစ်ကာကပ်ခြင်းစသည့် နည်းလမ်းများကို အသုံးပြုပြီး အန္တရာယ်ကင်းစွာ ဆင့်ကဲပြောင်းလဲ၍ လှုပ်ရှားသွားကြမည်ဖြစ်ကြောင်း သပိတ်အဖွဲ့အစည်းများကဆိုသည်

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly