ရိက္ခာလာပို့သည့် ယာဉ်တန်းကို လုံခြုံရေးယူပေးရန်လာသည့်ယာဉ် မိုင်းဆွဲခံရ

By MTO (မဇ္ဈိမ)
16 June 2023
ရိက္ခာလာပို့သည့် ယာဉ်တန်းကို လုံခြုံရေးယူပေးရန်လာသည့်ယာဉ် မိုင်းဆွဲခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ် အတွင်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၄)သို့ ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်ယာဉ်တန်းကို လုံခြုံရေးယူပေးရန်ထွက်လာသည့် အင်အား ၃၀ ပါ ဖောကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားလုံး၀ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း အနောက်လွင်ပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (WPF) အဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ပခုက္ကူမြို့ တပ်မ (၁၀၁) မှ ကပစ (၂၄) သို့ ရိက္ခာလာပို့သည့် ယာဉ် ၁၂စီးပါ စစ်ကောင်စီတပ်ယာဉ်တန်းကို လုံခြုံရေးယူပေးရန် ရေပြာကျေးရွာမှ ကမ္မမြို့ဘက်သို့ ထွက်လာသည့် စစ်ကောင်စီတပ်၏ဖောကားယာဉ် တစ်စီးကို ပေပါ ပဒေသာ -ငါးလုံး၊ ငါးဂါလံပုံး ပဒေသာ နှစ်လုံး၊ ရှေ့ထွက် ပဒေသာ-သုံးလုံး၊ စလစ်အိုး ပဒေသာ-နှစ်လုံးတို့ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း WFP အဖွဲ့ မှ တာဝန်ခံ ရဲဘော်တေဇ က ပြောသည်။

၎င်းက “ ကျတော်တို့ တိုက်ခိုက်လိုက်တဲ့ကားကာတော့ ဆီကန်တွေ ကားတာယာတွေ ပေါက်ထွက်သွားပြီးတော့ ရေပြာကျေးရွာထဲကို သူတို့ကားတန်းနဲ့ပဲ ပြန်ဆွဲသွားတယ်၊ အထိအခိုက်ကတော့ အဲ့နေရာမှာ သွေးအိုင်တွေ၊ သူတို့အရေးပေါ်ကုသခဲ့တဲ့ ဆေးပတ်တီးတွေ၊ ဆေးထိုးအပ်တွေ တွေ့ ခဲ့ရတယ်” ဟု ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်တွင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း WFP အဖွဲ့ က အသိပေးထုတ်ပြန်ထားသည်။

ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့ ပေါက်မြို့နယ်အတွင်းရှိ အုန်းတောကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ ဖျက်စဆီးသည့်အတွက် ပြည်သူပိုင်နေအိမ်တစ်ချို့ မီးလောင်ပျက်စီးခဲ့ကြကြောင်း WFP အဖွဲ့ ထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly