သပိတ်ကျင်းတွင် ဦးခေါင်းကျည်ဖောက်၀င် ဒဏ်ရာများဖြင့် ပိုင်ရှင်မဲ့အလောင်း ၃ လောင်းတွေ့

By 007 (မဇ္ဈိမ)
16 June 2023
သပိတ်ကျင်းတွင် ဦးခေါင်းကျည်ဖောက်၀င် ဒဏ်ရာများဖြင့် ပိုင်ရှင်မဲ့အလောင်း ၃ လောင်းတွေ့

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွင်၊ ယမန်နေ့ နေ့လယ်ပိုင်းက၊ ဦးခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသော ပိုင်ရှင်မဲ့အမျိုးသား အလောင်းသုံးလောင်း တွေ့ရှိမှုဖြစ်ပွားခဲ့ကြောင်း၊ ဒေသခံများထံကသိရသည်။

"သုံးလောင်းစလုံးက တစ်နေရာထဲမှာတွေ့တာ၊  အမျိုးသားအလောင်းတွေချည်းပဲ၊ ဒဏ်ရာနှစ်ချက်စီတွေ့တယ်၊ ခေါင်းကိုတေ့ပစ်ပြီး အသတ်ခံထားရတာတွေပါ၊ အလောင်းတစ်လောင်းမှာဆိုရင် ဦးနှောက်တောင်ထွက်ကျနေတယ်၊ အသက် ၂၅ ကနေ ၄၀ ၀န်းကျင်အရွယ်တွေ" ဟု ဒေသခံတစ်ဦးကပြောသည်။

မန္တလေး-ဗန်းမော်ကားလမ်းပိုင်း သပိတ်ကျင်းမြို့နယ် ကိုးပင်ကျေးရွာအနီးတွင်၊ ယမန်နေ့ဇွန်လ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ထိုအလောင်း သုံးလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အလောင်း တစ်လောင်းစီတွင်၊ ဦးခေါင်းကျည်ဆန်ဖောက်၀င်ဒဏ်ရာ တစ် ချက်စီအပြင်၊ နောက်ကျောနှင့်လက်ပြင်တို့တွင်လည်း ဒဏ်ရာ တစ်ချက်စီဖြင့် သေဆုံးခဲ့သည့်အလောင်းများဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အ၀န်းမှရရှိသည့် သတင်းအချက်အလက်အရ သိရသည်။

အဆိုပါသတင်းအချက်အလက်အရ၊ အသက် ၂၅ နှစ်ခန့်အမျိုးသားတွင်၊ ဦးခေါင်းကျည်ဆန်ဖောက်၀င်ဒဏ်ရာ တစ်ချက်နှင့်နောက်ကျော ကျည်ဆန်ဖောက်ထွက်ဒဏ်ရာ တစ်ချက်၊ အသက် ၃၀ ခန့်အမျိုးသားတွင် ဦးခေါင်းကျည်ဆန်ဖောက်၀င်ဒဏ်ရာ တစ်ချက်နှင့် ဝဲလက်လက်ပြင် ကျည်ဆန်ဖောက်၀င်ဒဏ်ရာ တစ်ချက်၊ အသက် ၄၀ ခန့်အမျိုးသားတွင် ဦးခေါင်းကျည်ဆန်ဖောက်၀င်ဒဏ်ရာ တစ်ချက်နှင့် နောက်ကျောကျည်  ဆန်ဖောက်၀င်ဒဏ်ရာ တစ်ချက်တို့ အသီးသီးရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

"ပိုင်ရှင်မဲ့အလောင်းအဖြစ်နဲ့ ကြာညှပ်ဆေးရုံ(သပိတ်ကျင်းမြို့နယ် ကြာညှပ်တိုက်နယ်ဆေးရုံ-ရင်ခွဲရုံ)ပို့ထားတယ် " ဟု နီးစပ်သူတစ်ဦး ကပြောသည်။

မည်သည့်အဖွဲ့လက်ချက်ဖြစ်ကြောင်း မသိရသေးသော်လည်း၊ PDF လက်ချက်ဖြစ်သည်ဟု စစ်အုပ်စု၏သတင်းများက ဖော်ပြကြသည်။

မန္တလေး-ဗန်းမော်ကားလမ်းပိုင်းတွင်၊ ဇွန်လ ၁၁ ရက်နေ့ကလည်း၊ မတ္တရာမြို့နယ် ပတ်လည်အင်းကျေးရွာ ယက္ကန်းစင်တောင်သွား ကားလမ်းအနီး ဦးခေါင်းကျည်ဆန်ဖောက်၀င်ဒဏ်ရာ တစ်ချက်စီဖြင့် သေဆုံးနေသော အသက် ၃၀ ၀န်းကျင်အရွယ် ပိုင်ရှင်မဲ့အမျိုးသား အလောင်းနှစ်လောင်းတွေ့ရှိမှု ဖြစ်ပွားခဲ့သေးသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required