ဖမ်းဆီးထားသော အရပ်သားအချို့ကို လူသားဒိုင်းပြုလုပ်၍ ပဲခူးရိုးမပေါ်  စစ်ကောင်စီစစ်ကြောင်းထိုးနေ

By ရွှေနွယ် (မဇ္ဈိမ)
16 June 2023
ဖမ်းဆီးထားသော အရပ်သားအချို့ကို လူသားဒိုင်းပြုလုပ်၍ ပဲခူးရိုးမပေါ်  စစ်ကောင်စီစစ်ကြောင်းထိုးနေ
ပဲခူတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကန့်နီကျေးရွာမှရွာသားအချို့အား စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ၎င်းတို့စစ်ကြောင်း၏အရှေ့အနောက်တွင်ထားကာ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးနေသည်ဟု  ဒေသတွင်းသတင်းရင်းမြစ်များက‌ ပြောသည်။

ကန့်နီကျေးရွာမှရွာသားအချို့ကို စစ်ကောင်စီတပ်က  ယနေ့ ဇွန်လ ၁၆ ရက်နေ့နံနက်ပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုးမပေါ်သို့ တက်သွားခြင်းဟုသိရသည်။

"လူအရေအတွက်အတိအကျတော့ ကျွန်တော်တို့မသိသေးဘူးဗျ။ စစ်ကြောင်းရဲ့ အရှေ့၊ အလယ်၊ အနောက်မှာ ထားပြီး တက်သွားတာပဲ။  PDF ဘက်ကတော့ အရပ်သားတွေပါလို့လားမသိဘူး၊ ပစ်သံခတ်သံမကြားရသေးဘူး” ဟု ကန့်နီကျေးရွာအနီးမှ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

အုတ်ဖိုမြို့နယ်သည် ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်အတွင်း ပါဝင်သည်။ လတ်တလောတွင်  စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးနေမှုကြောင့် တိုက်ပွဲဖြစ်ပွားလာနိုင်ခြေရှိပြီး စစ်ရေးအခြေအနေတင်းမာနေသည်ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။

ပဲခူးရိုးမအနောက်ခြမ်းတွင် ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နှင့် ၁၃ ရက်နေ့တို့ကလည်း ပေါင်းတည်မြို့နယ်အတွင်း ရိုးမပေါ်သို့စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတိုက်ခိုက်ခဲ့သည်။ထို့အပြင် ဖမ်းဆီးခံ PDF တပ်ဖွဲ့ဝင်နှစ်ဦးအား စစ်ကောင်စီတပ်က ရိုးမပေါ်မှ စခန်းတည်နေရာများအား လိုက်ပြခိုင်းစဉ် ကြို့ပင်ကောက်ဟီးရိုးပြောက်ကျားတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ပြီး  PDF တပ်ဖွဲ့ဝင်နှစ်ဦးအား ကယ်ထုတ်ခဲ့သည့် ဖြစ်စဉ်ဇွန်လ ၁၁ရက်က ဖြစ်ပွားခဲ့သည်။

အုတ်ဖိုမြို့အပြင် ပဲခူးတိုင်းအနောက်ခြမ်းမှ  ပေါင်းတည်၊ နတ်တလင်းနှင့် ကြို့ပင်ကောက်မြို့တို့၌ ယခုလများအတွင်း စစ်ရေးတင်းမာနေပြီး  ရင်ဆိုင်တိုက်ပွဲများနှင့် မိုင်းဆွဲတိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားနေသည်။ပဲခူးတိုင်းအရှေ့ခြမ်းတွင်လည်း ၂၀၂၃ ခုနှစ်အတွင်း စစ်ရေးအရှိန်မြင့်တက်လာပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များကြား ရင်ဆိုင်တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။

ပဲခူးတိုင်းအတွင်း စိုးမိုးနယ်မြေများရရှိနိုင်ရန် ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များနှင့် ညီနောင်မဟာမိတ်များက တိုက်ပွဲဝင်နေကြသော်လည်း လက်နက်ကြီးအင်အားလိုအပ်ချက်ကြောင့် မဖော်ဆောင်နိုင်ခဲ့သည့် စစ်ဆင်ရေးများစွာရှိနေကြောင်း ပဲခူးတိုင်း စစ်ဒေသခွဲ တိုင်းစစ်ဆင်ရေးတာဝန်ခံ ကိုသောမတ်စ်ကမဇ္စျိမကို ပြောသည်။

"ကျွန်တော်တို့ စစ်ရေးတွေကို အခုထက်ပိုဖော်ဆောင်နိုင်ဖို့ အခုထက်ပိုတိုက်ပွဲဝင်နိုင်ဖို့ လက်နက်ကြီးနဲ့ ဆက်စပ်ကျည်တွေကိုထောက်ပံ့နိုင်ဖို့အတွက် "မမအားနဲ့မိစ္ဆာရှင်းဖို့ ပဲခူးမြေကိုထောက်ကူစို့" ကျပ်သိန်း(၅၀၀၀)ရှာဖွေရေးကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ တောင်းဆိုချင်ပါတယ်" ဟု ကိုသောမတ်စ်က ပြောသည်။

"မမအားနဲ့မိစ္ဆာရှင်းဖို့ ပဲခူးမြေကိုထောက်ကူစို့" ကျပ်သိန်း(၅၀၀၀)ရှာဖွေရေးကမ်ပိန်း ဇွန်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ ပြုလုပ်နေခြင်းဖြစ်သည်။

ယခု ၂၀၂၃ ခုနှစ်သည် စစ်အာဏာရှင်တော်လှန်ရေးအတွက်  အရေးပါသောနှစ်တစ်နှစ်ဖြစ်ပြီး ပဲခူးတိုင်းအတွင်း ယခုထက်ပိုသော စစ်ဆင်ရေးများရှိလာမည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲ၊ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက လူထုအား အသိပေးထားသည်။

စာတည်း -မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly