ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲအား တိုကျိုတွင် ကျင်းပမည်

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲအား တိုကျိုတွင် ကျင်းပမည်
Photo-EPA

ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့အတွက် ရန်ပုံငွေ ကောက်ခံပွဲနှင့် ဆုတောင်းပွဲကို ဇွန် ၁၈ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည် ဖြစ်သည်။

ဇွန် ၁၉ ရက်တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို တိုကျိုရှိ တိုယာမာပန်းခြံတွင် ဇွန် ၁၈ ရက် နံနက် ၁၀ နာရီမှစကာ ကျင်းပသွားမည် ဖြစ်သည်။

“မွေးနေ့ဆုတောင်းပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူတွေဟာ မတရား ဖမ်းဆီးထောင်ချခံရတဲ့ လူထုခေါင်းဆောင်ကို စည်းလုံးညီညွတ်စွာနဲ့ ထောက်ခံအားပေးနေတာကို ပြသဖို့ ဖြစ်တယ်၊ နောက်ထပ် အကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးကြောင်းနဲ့ လေးစားမှုကို ပြသပြီး သူ့ ကိုယ်စား မွေးနေ့အလှူ ပြုလုပ်ပေးဖို့ ဖြစ်တယ်”ဟု ပွဲစီစဉ်သူ တစ်ဦးက ပြောသည်။

ဆုတောင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်များကို ဖတ်ကြားမည် ဖြစ်ပြီး ကံစမ်းမဲ ဖောက်ပေးသည့် အစီအစဉ်လည်း ပါဝင်မည် ဖြစ်သည်။

၎င်းပြင် မွေးနေ့ပွဲသို့ တက်ရောက်လာသည့် ပထမဆုံး လူတစ်ထောင်ကို ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ပါရှိသော လက်ကိုင်ပုဝါများ ပေးဝေမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းစာ ရေးသားနိုင်မည့် စာအုပ်ကိုလည်း ထားရှိပေးမည် ဖြစ်သည်။

၂၀၂၂ က ဂျပန်တွင် ကျင်းပသော ပြီးခဲ့သည့် မွေးနေ့ပွဲ၌ အလှူငွေ ကျပ် သန်း ၈၀ ကျော်အထိ ကောက်ခံရရှိခဲ့သည်။ အဆိုပါ ငွေကို မြန်မာစစ်ကောင်စီ မီးရှို့ဖျက်ဆီးသော ကျေးရွာများ ပြန်လည်ထူထောင်ရေးတွင် အသုံးပြုကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီသည် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားပြီး လက်ရှိ၌ နေပြည်တော်အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည်။

https://www.mizzima.com/article/ceremony-celebrating-aung-san-suu-kyis-b...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required