ကံဇီးကျေးရွာကို ကာကွယ်ရေးပူးပေါင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက်၊ ရဲ ၂ ဦးသေဆုံးပြီး ပျူစောထီး ၁၂ ဦး ဖမ်းမိ

By ပါခွီး ၊ လွှမ်းမိုး
15 June 2023
ကံဇီးကျေးရွာကို ကာကွယ်ရေးပူးပေါင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက်၊ ရဲ ၂ ဦးသေဆုံးပြီး ပျူစောထီး ၁၂ ဦး ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးပျူရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက် ခိုက်ခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး ပျူစောထီးအဖွဲ့ဝင် ၁၂ ဦး ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၅) တပ်ရင်း Aung San Force (ASF) ထံမှ သိရသည်။

ကံဇီးကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပျူစောထီးများ အစည်းအဝေးပြုလုပ်နေချိန် ဇွန်လ ၁၄ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ရဲနဲ့ပျူတွေ အစည်းအဝေးလုပ်မယ်ဆိုတာကို ကြိုတင်သတင်းရထားတဲ့အတွက် ဝင်တိုက်ခဲ့တာပါ။ ဖမ်းမိ ထားတဲ့ပျူတွေကို စစ်ဆေးနေပြီး သက်ဆိုင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဆီကို လွှဲပြောင်းပေးသွားမှာပါ” ဟု ASF တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

အစည်းဝေးပြုလုပ်နေသည့် ရဲနှင့်ပျူများကို လုံခြုံရေးယူကင်းပတ်နေသည့် ရဲများအား ရွာအစပ်တွင် မိုင်းခွဲ တိုက်ခိုက်ရာ နှစ်ဦးသေဆုံးခဲ့ပြီးနောက် ရွာအတွင်းသို့ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

တိုက်ပွဲဖြစ်ပွာချိန် တနာရီကျော်အတွင်း ပျူစောထီး ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး တော်လှန်ရေးအင်အားစု များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၅)တပ်ရင်းနှင့် မဟာမိတ်များဖြစ်ကြသော We Must Win ပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း (၁၅) C.R.A တပ်ခွဲ(၁)၊ ဗန္ဓုလအဖွဲ့ ၊ မြင်းမူလျှပ်စီးအဖွဲ့ ၊ One LPDF ၊ အညာ မိုင်းအဖွဲ့နှင့် အညာဒေသတော်လှန်ရေးအင်အားစုများ စုပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကံဇီး ၊ ကုလားကြီး ၊ ကင်းမွန်ထော်ကျေးရွာတို့မှာ သုံးရွာဆက်ရွာတန်းဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်များနေ ထိုင်ကြကာ ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာတွင် လိုက်ပါခြင်း၊ ကျေးရွာများ အား မီးရှို့လုယက်ခြင်းများတွင် ပါဝင်လုပ်ဆောင်လျက်ရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူက ပြောသည်။

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်းနေရာများကို အတတ်နိုင်ဆုံးရှောင် ရှားသွားလာပေးကြ ရန်နှင့် ရန်သူကို ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် အရေးပေါ်လိုအပ်နေသော လက်နက်ခဲယမ်းများ ကူညီ အားဖြည့်ပေးကြပါရန် Aung San Force က အသိပေးထားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း

#ချောင်ဦးမြို့နယ်

#ကံဇီးကျေးရွာ

#ပျူစောထီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly