မန္တလေးတွင် အခွန်ရုံးဗုံးပစ်ခံရပြီး ၀န်ထမ်းဒဏ်ရာရ

By 007 (မဇ္ဈိမ)
15 June 2023
မန္တလေးတွင် အခွန်ရုံးဗုံးပစ်ခံရပြီး ၀န်ထမ်းဒဏ်ရာရ

မန္တလေးမြို့တွင် ပြည်တွင်းအခွန်များဦးစီးဌာန (အခွန်ရုံး) ယနေ့ ဇွန်လ ၁၅ ရက်၊ နံနက် ၁၀ နာရီခွဲခန့်တွင် ဗုံးပစ်တိုက်ခိုက်ခံရပြီး အကြီးတန်းစာရေးအဆင့်၀န်ထမ်းတစ်ဦး ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။

“ ဗုံးက လုံခြုံရေးဂိတ်တဲဘေးက ကားပါကင်ထဲကျပြီး ပေါက်ကွဲတယ်။ အဲဒီမှာရှိနေတဲ့ ၀န်ထမ်းဗုံးစမှန်တယ်။ ကားနှစ်စီးထိတယ်။ ဗုံးစထိတဲ့၀န်ထမ်းကိုတော့ ဆေးရုံပို့ထားတယ် ” ဟု အဆိုပါရုံးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၊ လမ်း ၆၀၊ ၁၀၁ (အေ) လမ်းနှင့် ၁၀၂ လမ်းကြားရှိ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၅)ကို ဆိုင်ကယ်စီးလူနှစ်ဦးက လက်လုပ်ဗုံးဖြင့်တိုက်ခိုက်သွားခြင်းဖြစ်ကြောင်းသိရသည်။

လမ်း ၆၀ အတိုင်း၊ တောင်မှမြောက်သို့ စီးနင်းမောင်းနှင်လာသော မော်တော်ဆိုင်ကယ်တစ်စီးပေါ်မှ လူနှစ်ဦးက၊ အချိုရည်ဘူးဖြင့်ပြုလုပ်ထားသော လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခြင်းဖြစ်သည်။

ဗုံးသည် အခွန်ရုံး၏ လုံခြုံရေးဂိတ်တဲဘေး၊ ကားပါကင်အတွင်းကျရောက်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး၀န်ထမ်း အကြီးတန်း စာရေးဦးမြင့်သန်း (အသက် ၅၁ နှစ်) ၏ ဝဲဘက်ခြေသလုံးကို မိုင်းစထိမှန်ဒဏ်ရာရ (မစိုးရိမ်ရ) ခဲ့ကြောင်းဆိုသည်။

ထို့အပြင် မော်တော်ယာဉ်နှစ်စီးလည်း ထိခိုက်ပျက်စီးမှုအနည်းငယ်ဖြစ်ခဲ့ကြောင်း စစ်ကောင်စီ၏ ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုက်အ၀န်းထံမှသိရသည်။

အဆိုပါဗုံးပစ်ခြင်းကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း ယနေ့ညနေပိုင်းအထိ သိရသေးသော်လည်း PDF လက်ချက်ဖြစ်ကြောင်း စစ်အုပ်စု လော်ဘီသတင်းများကဆိုကြသည်။

မန္တလေးမြို့တွင်၊ ဇွန်လ ၁၀ ရက်နေ့ကလည်း၊ ချမ်းအေးသာစံမြို့နယ် ၆၃ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ၊ မြန်မာ့အာမခံလုပ်ငန်း (ရုံး) နှင့်၊ အောင်မြေသာစံမြို့နယ် ၁၈ လမ်း၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့နေအိမ်လိုင်းခန်းတို့ ဗုံးပစ်တိုက်ခိုက်ခံခဲ့ရသေးသည်။
အဆိုပါတိုက်ခိုက်မှုကိုတော့ No More Dictatorship People Defence Force က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စာတည်း ။ ။ Alden

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly