ဘိုကလေးမြို့တွင် လမ်းဘေးစျေးသည်များအား မြို့နယ်စည်ပင်ရုံးဝန်ထမ်းများက လက်မှတ်ထိုးဖယ်ရှားခိုင်း

By မင်းထက် (မဇ္စျိမ)
15 June 2023
ဘိုကလေးမြို့တွင် လမ်းဘေးစျေးသည်များအား မြို့နယ်စည်ပင်ရုံးဝန်ထမ်းများက လက်မှတ်ထိုးဖယ်ရှားခိုင်း

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်း လမ်းဘေး၌ စျေးရောင်းချနေသည့် စျေးသည်များကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်ရုံးဝန်ထမ်းများက လက်မှတ်ထိုးခိုင်းကာ ဖယ်ရှားခိုင်းခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့တွင် အပြီးဖယ်ရှားရမည်ဟုဆိုကာ စျေးသည်တစ်ဦးချင်းစီကို ဖိအားပေးလက်မှတ်ထိုးခိုင်းခဲ့ခြင်းဖြစ်ပြီး ဖယ်ရှားခြင်းမရှိပါက တရားစွဲဆိုမည်ဟု စည်ပင်ဝန်ထမ်းများက ခြိမ်းခြောက်ခဲ့ကြောင်း ဘိုကလေးမြို့ခံ လမ်းဘေးစျေးသည်တစ်ဦးက ပြောသည်။

ထိုသို့ ဖိအားပေးလက်မှတ်ထိုးခိုင်းပြီး လမ်းဘေးစျေးသည်များကို ဖယ်ရှားခဲ့သည့်အတွက် လမ်းရေမြောင်းအနောက်ဘက်တွင်သာ စျေးရောင်းချနေကြရသည်ဟု ဆိုသည်။

"ကြိုလည်းမပြောဘဲ အတင်းဖယ်ခိုင်းတာဆိုတော့ ဘာပြင်ဆင်ချိန်မှ မရဘူး။ မနေ့က မနက်ကဆိုရင် စျေးဦးတောင်မပေါက်တဲ့စျေးသည်တွေအများကြီးရှိတယ်။ ဒီကာလမှာ ထမင်းစားဖို့တောင် မနည်းရုန်းကန်နေတာကို ကြိုမပြောဘဲလုပ်တာတော့ တော်တော်လွန်တယ်"ဟု လမ်းဘေးစျေးသည်က ပြောသည်။

ဘိုကလေးမြို့နယ်စည်ပင်ရုံး ဝန်ထမ်းများက ဖယ်ရှားခိုင်းလိုက်သည့် လမ်းဘေးစျေးသည် စုစုပေါင်း ၃၀၀ ဝန်းကျင်ခန့်ရှိသည်ဟုရှိသည်ဟု သိရသည်။

လက်ရှိတွင် ဖယ်ရှားခံခဲ့ရသည့် စျေးသည်များအနက် အချို့စျေးသည်များမှာ လမ်းဘေးရေမြောင်းအနောက်ဘက်တွင် စျေးရောင်းချနေရပြီး အချို့မှာ စျေးမထွက်နိုင်ဖြစ်နေကြသည်ဟု စျေးသည်များ၏ပြောပြချက်အရသိရသည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ စစ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ထားသည့် စည်ပင်ဝန်ထမ်းတစ်ဦးက "ဥပဒေအရ ဖယ်ရှားခိုင်းလို့ရတာ မှန်ပေမယ့်၊ ဒီလိုလုပ်မယ်ဆိုရင် စျေးသည်တွေကို ကြိုပြီးအကြောင်းကြားရပါမယ်။ ဒီကာလမှာ အားလုံးခက်ခဲနေတာဆိုတော့ ပိုပြီးတောင် ကြိုအကြောင်းကြားရဦးမယ်"ဟု ဝေဖန်သုံးသပ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လပိုင်းကလည်း ဧရာဝတီတိုင်း၊ မြို့နယ်အားလုံးရှိ လမ်းဘေးစျေးသည်များနှင့် လမ်းဘေးကျူးကျော်တဲများကို စစ်ကောင်စီတပ်ဖွဲ့များနှင့် ၎င်းတို့၏ လက်အောက်ခံ ဌာနဆိုင်ရာများက အင်အားသုံး ဖယ်ရှားခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly