အာဏာသိမ်းပြီးနောက် စစ်ကောင်စီကျူးလွန်ခဲ့သည့် ပြစ်မှုများကို NLDထုတ်ပြန်၊စစ်ကောင်စီကို  အရေးယူရေးထိထိရောက်ရောက်ဆောင်ရွက်ပေးရန် နိုင်ငံတကာကို ထပ်မံတောင်းဆို

By ရွှေနွယ်( မဇ္ဈိမ )
15 June 2023
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကျူးလွန်ခဲ့သည့် ပြစ်မှုများကို NLDထုတ်ပြန်၊စစ်ကောင်စီကို  အရေးယူရေးထိထိရောက်ရောက်ဆောင်ရွက်ပေးရန် နိုင်ငံတကာကို ထပ်မံတောင်းဆို

နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် နှစ်နှစ်ကျော်ကြာကာလအတွင်း စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့သူ  ၃,၈၁၈ ဦးအထိရှိခဲ့ပြီး ရာဇဝတ်မှုများကျူးလွန်နေသည့် စစ်ကောင်စီကို အရေးယူနိုင်ရေး နိုင်ငံတကာအနေဖြင့် ထိထိ‌ရောက်ရောက်ဆောင်ရွက်ပေးစေလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLDက မေတ္တာရပ်ခံတိုက်တွန်းသည်။

နိုင်ငံတော်အာဏာကို သိမ်းယူချိန်မှ ယခုနှစ်၂၀၂၃ ခုနှစ် မေလ(၃၁) ရက်နေ့အထိ ရရှိထားသော စစ်ကောင်စီ၏ ကျူးလွန်မှု မှတ်တမ်းများကို ဇွန်လ ၁၃ရက်တွင် ထုတ်ပြန်ရင်း အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းသို့  NLD ပါတီက ထပ်မံတောင်းဆိုခြင်းဖြစ်သည်။

စစ်ကောင်စီက သတ်ဖြတ်၍ သေဆုံးသူ ၃,၈၁၈ ဦး တွင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနှင့် NLD ပါတီဝင် ၉၃ ဦး ပါဝင်ခဲ့သည်ဟု ထုတ်ပြန်ထား သည်။ထို့ပြင် စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ဆန့်ကျင်သောကြောင့် ဥပဒေမဲ့မတရားဖမ်းဆီးထိမ်းသိမ်းခံထားရသူ စုစုပေါင်း ၁၃,၅၃၄ ဦး ရှိပြီး ၄,၃၃၂ ဦး ပြန်လည်လွတ်မြောက်လာကာ ၉,၂၀၂ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဟု NLD ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ဖမ်းဆီးခံထားရသူများထဲတွင် လွှတ်တော်ကိုယ်စားလှယ် ၇၇ ဦးနှင့် ပါတီဝင် ၁,၂၀၀ဦး ပါဝင်သည်ဟုဆိုသည်။

ထို့အပြင် စစ်ကောင်စီက ပြည်သူတို့၏ နေအိမ်များ အား အကြမ်းဖက်၊ လုယက်၊ မီးရှို့၊ ဖျက်ဆီးမှု ဖြစ်စဉ်ပေါင်း၁,၂၆၇ ကြိမ်ရှိခဲ့ပြီး  အိုးအိမ်အဆောက် အဦးပေါင်း ၅၃,၃၇၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ နေအိမ်အပါအဝင် ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းဆည်းခံရသူ ၆၂၅ ဦးရှိပြီး ထိုထဲတွင် လွှတ်တော်ကိုယ်စားလှယ် ၁၇၁ဦးနှင့် NLDပါတီဝင် ၃၃၃ဦးတို့၏ ပိုင်ဆိုင်မှုများပါဝင်သည်ဟုဆိုသည်။

စစ်ကောင်စီက ကျူးလွန်သည့်အဆိုပါ ရာဇဝတ်မှုများကို နိုင်ငံတကာဥပဒေများနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရန်နှင့် မြန်မာပြည်သူတို့၏ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး လမ်း စဉ်အပေါ်  အာဆီယံအပါအဝင် နိုင်ငံတကာအသိုက် အဝန်းအနေဖြင့် ယခုထက်ပိုမို ထိရောက်စွာ ဆောင် ရွက်ပေးစေလိုကြောင်း NLDပါတီက မေတ္တာရပ်ခံတိုက်တွန်းထားသည်။

လက်ရှိတွင် စစ်ကောင်စီက ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် အာဆီယံနှင့်နိုင်ငံတကာ၏ တုန့်ပြန်မှုသည် အားရစရာမကောင်းဟု တော်လှန် ရေးအင်အားစုများနှင့် ပြည်သူများက မှတ်ချက်ပြုကြသည်။

" စစ်ကြောရေးကာလမှာသတ်ဖြတ်မှုတွေက 
မတရားလက်မရွံ့လူသတ်သမားအုပ်စုရဲ့ဆောင်ရွက်မှုဖြစ်နေတာပေါ့။ ဒီစစ်ရာဇဝတ်မှုတွေအပေါ် အာဆီယံအပါအဝင် အဖွဲ့အစည်းအသီးသီးရဲ့ အရေးယူတုန့်ပြန်မှုတွေက အားရစရာမကောင်းပါဘူး။ နှေးကွေးလွန်းပါတယ်" ဟု NLDပါတီ ဗဟိုကော်မတီဝင်၊ မဟာအောင်မြေ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးငြိမ်းသစ်က မဇ္ဈိမသို့  ပြော သည်။

အထူးသဖြင့် အာဆီယံတွင် တာဝန်ရှိသည်ဟု ပြောလိုကြောင်းနှင့် ကြားနေနိုင်ငံ၊ ဘက်မလိုက်နိုင်ငံများအဖြစ်ရပ်တည်နေသော်လည်း စစ်ရာဇဝတ်မှုများ ဆက်လက်ဖြစ်ပွားရန်နှင့် မြန်မာပြည်သူများ အသက်ရာနှင့်ထောင်နှင့်ချီအောင် ထပ်မံသေဆုံးမှုများဖြစ်ပွားလာရန် လျစ်လျူရှုနေသည်ဟု  ဦးငြိမ်းသစ်က မှတ်ချက်ပြုသည်။ 

စစ်ကောင်စီသည် လတ်တလောတွင် နိုင်ငံတဝန်း ၎င်းတို့အား ဆန့်ကျင်သူများကို  ဆက်လက် အကြမ်းဖက်ဖိနှိပ်နေပြီး အရပ်သားများကိုလည်း ပစ်မှတ်ထား သတ်ဖြတ်နေကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် ဇွန်လ ၆ ရက်နေ့မှ ဇွန်လ ၈ ရက်နေ့အထိ သုံးရက်အတွင်း အရပ် သား ၂၆ ဦးအား စစ်ကောင်စီမှ သတ်ဖြတ်ခဲ့ကြောင်း Free Burma Rangers မှ ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ထို့အပြင် စစ်ကောင်စီတပ်များသည် ယနေ့ ဇွန်လ ၁၄ရက်တွင်လည်း  မိုးဗြဲမြို့ပေါ်သို့ စစ်ကြောင်းထိုးနေပြီး သတ်ဖြတ်ခံရသည့်  အရပ်သားဦးရေ များပြားလာနိုင်သည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)က ဆိုသည်။

မြန်မာ့​နွေဦး​တော်လှန်​ရေးကိုအနီးကပ်​စောင့်ကြည့်ပြီး နိုင်ငံရေးဆောင်းပါးများ ရေးသားနေသော ချက်နိုင်ငံသား နိုင်ငံ​ရေးသိပ္ပံပညာရှင်အီဂေါဘလာဇီဗစ်က ယမန်နေ့က ရေးသားထားသည့် ၎င်း၏ ဆောင်း ပါးတစ်ပုဒ်တွင်  စစ်ကောင်စီတပ်ကို  "ယူနီဖောင်းတွေ ဝတ်ထားတဲ့ ဂျီနိုဆိုက်ကျူးလွန်သူတွေ " ဟု သုံးနှုန်းထားသည်။

 " စစ်တပ်ဟာ အရပ်သားပြည်သူလူထုနဲ့ လူမျိုးစုတွေအပေါ် အကြွင်းမဲ့အာဏာရှင်ဆန်ဆန် ပြုမူတာ၊ ဘာစည်းမျဉ်းမှမရှိ ထင်သလိုရက်စက်တတ်တာဟာ အရှိတရားပါ။ အာဏာရှင်ဆန်တဲ့ အုပ်စိုးမှုအောက်မှာ အရပ်သားတွေအတွက် အခြေခံလုံခြုံရေးဆိုတာမရှိ၊ တိုင်းပြည်မှာ လုံခြုံအောင်လုပ်ပေးနိုင်တာမဟုတ်ပါဘူး။ ဒီအာဏာရှင်ဟာ တရားဥပဒေတို့၊ လူ့အခွင့်အရေးတို့ကို မလေးစားပါဘူး" ဟုအီဂေါဘလာဇီဗစ်က ထောက်ပြသတိပေးထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required