အိန္ဒိယနှင့် ပါကစ္စတန်ကို အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ချဉ်းကပ်လာစဉ် လူသိန်းချီ ဘေးလွတ်ရာရွှေ့ပြောင်း

အိန္ဒိယနှင့် ပါကစ္စတန်ကို အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ချဉ်းကပ်လာစဉ် လူသိန်းချီ ဘေးလွတ်ရာရွှေ့ပြောင်း

အိန္ဒိယနှင့် ပါကစ္စတန်တွင် ယနေ့ ဇွန်လ ၁၅ ရက်၌ ကုန်းတွင်းပိုင်း ဝင်ရောက်ဖွယ် ရှိနေသည့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းတစ်ခု မတိုင်မီ လူ ၁၀၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူနေအိမ်များကို အကြီးအကျယ် ပျက်စီးစေနိုင်သလို ဓာတ်အားလိုင်းများကို လဲပြိုစေနိုင်သည်။

ဘင်္ဂါလီဘာသာအရ “ဘေးဒုက္ခ” ဟု အဓိပ္ပါယ်ထွက်သည့် ဘီပါဂျိုင် အမည်ရှိ ဆိုင်ကလုန်း မုန်တိုင်းတစ်ခုက အာရေဘီးယန်း ပင်လယ်ကို ဖြတ်ကာ ရွေ့လျားနေပြီး ယနေ့ ကြာသပတေးနေ့ ညနေတွင် “အလွန် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း တစ်ခုအဖြစ် ကုန်းတွင်းပိုင်း ဝင်ရောက်ဖွယ် ရှိကြောင်း အစိုးရ ရာသီဥတု လေ့လာစောင့်ကြည့်သူများက ပြောသည်။

ပါကစ္စတန်၏ ကရာချိနှင့် အိန္ဒိယ၏ ဂူဂျာရတ်ပြည်နယ် Mandvi ကမ်းခြေမြို့အကြား ၃၂၅ ကီလိုမီတာ (မိုင် ၂၀၀) ရှိ ကမ်းရိုးတန်းတွင် အားပြင်းသော လေပြင်းများ၊ မုန်တိုင်းကြောင့် လှိုင်းကြီးမှုများနှင့် မိုးကြီးမှုများ ဖြစ်ပေါ်မည်ဟု ခန့်မှန်းရသည်။

မုန်တိုင်းသည် ကြာသပတေးနေ့ ညနေတွင် အိန္ဒိယ Jakhau ဆိပ်ကမ်းအနီး တိုက်ခတ်လိမ့်မည်ဟု အိန္ဒိယ မိုးလေဝသဌာနက ခန့်မှန်းထားပြီး ရွှံ့၊ ကောက်ရိုးဖြင့် မံပြီး သက်ကယ်မိုးထားသည့် ရိုးရာ အိမ်များကို လုံးလုံးလျားလျား ပျက်စီးစေလိမ့်မည်ဟုလည်း သတိပေးသည်။

ပုံမှန်အားဖြင့် ပျားပန်းခပ်မျှ လှုပ်ရှားသွားလာနေကျဖြစ်သည့် Jakhau ဆိပ်ကမ်းတွင် ယခုအခါ တဝေါဝေါတိုက်နေသော လေပြင်းနှင့်အတူ အရွယ်အစားကြီး ငါးဖမ်းလှေအစင်း ၃၀ ကျော် ရေထဲမှ ကမ်းပေါ်သို့ ရောက်ရှိနေပြီး ဆိပ်ကမ်း ဝင်ပေါက်တွင် ခွေးလေခွေးလွင့်များ လှည့်လည်သွားလာနေသည်။

ပင်လယ်ပြင်တွင် လေတိုက်နှုန်းသည် ဇွန်လ ၁၄ ရက်တွင် တစ်နာရီ ၁၈၀ ကီလိုမီတာ (တစ်နာရီ ၁၁၂ မိုင်) အထိ ရှိနေခဲ့သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောသည်။

ကုန်းတွင်းပိုင်း ဝင်ရောက်ချိန်တွင် လေတိုက်နှုန်းက တစ်နာရီ ၁၂၅-၁၃၅ ကီလိုမီတာကို ရောက်ရှိဖွယ် ရှိသည်ဟု ခန့်မှန်းပြီး လေပြင်းတိုက်ခတ်နှုန်းက တစ်နာရီ ၁၅၀ ကီလိုမီတာအထိ ရှိနိုင်သည်။

“ကမ်းရိုးတန်းနဲ့ အနိမ့်ပိုင်းဧရိယာတွေနေ လူပေါင်း ၄၇,၀၀၀ ကျော်ကို ယာယီခိုလှုံရာနေရာတွေကို ရွှေ့ပြောင်းပေးထားပါတယ်” ဟု ဂူဂျာရတ်ရှိ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အရာရှိတစ်ဦးဖြစ်သည့် ပါတဲလ်က ပြောသည်။

မုန်တိုင်းကြောင့် သီးနှံများ ပျက်စီးခြင်း၊ ဓာတ်အားတိုင်များ၊ ဆက်သွယ်ရေးတိုင်များ ကွေးခြင်း၊ သို့မဟုတ် လဲကျခြင်းတို့၊ ရထားလမ်း၊ ကားလမ်းများ ပျက်စီးခြင်းတို့ အပါအဝင် ပျံ့နှံ့ဖြစ်ပေါ်သည့် ထိခိုက်မှုများ ဖြစ်နိုင်ကြောင်း အိန္ဒိယ မိုးလေဝသပညာရှင်များက သတိပေးသည်။

Over 100,000 evacuated as cyclone threatens India, Pakistan
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly