ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာတွင်ရှိသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ(ခ)နိုင်ထွန်းဖေနှင့် NLD ပါတီမှ ကရင်ပြည် နယ် ဗမာတိုင်းရင်းသားရေးရာလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းတို့၏ နေအိမ်များကိုစစ်ကောင်စီမှ ချိပ်ပိတ်ကာ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၃ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်သား၊ ရဲ၊ ကျေးရွာလူကြီးသုံးဦး ပါဝင် သည့်အဖွဲ့က ထုံးအိုင်ကျေးရွာ အမှတ်(၇)ရပ်ကွက်၊ (၃)လမ်းတွင်ရှိသည့် နိုင်သုဝဏ္ဏ၏နေအိမ်နှင့် အမှတ် (၆)ရပ်ကွက်၊(၂)လမ်းတွင်ရှိသည့် ဦးတင်ဝင်းတို့၏နေအိမ်များကို ချိပ်ပိတ်သိမ်းဆည်းကြောင်း စာလာကပ် သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထိုစာရွက်တွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့အမည်ဖြင့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ ချိတ်ပိတ်သိမ်း ဆည်းထားသော အဆောက်အဦးဖြစ်ကြောင်း ပါရှိသည်။
အာဏာသိမ်းပြီး သုံးလေးလခန့်အကြာတွင် အိမ်ပိုင်ရှင်များသည် ၎င်းနေအိမ်များ၌ နေထိုင်ကြခြင် မရှိ တော့သော်လည်း စစ်ကောင်စီလက်အောက်ခံ ရဲများက မကြာခဏ လာရောက်ရှာဖွေခြင်း ပြုလုပ်ကြလေ့ ရှိကြောင်း ဒေသခံများက ပြောသည်။
“အဲဒီအိမ်တွေက လူမနေတာ ကြာပြီ။ ခဏခဏ ဓာတ်ပုံလာရိုက်ကြတယ်။ ဘကြီး(နိုင်သုဝဏ္ဏ) တို့အိမ်ဆို ဘာမှမရှိတော့ဘူး။ တံခါးတွေလည်း ဖျက်ဖွင့်ပြီးဝင်မွှေကြတယ်။ လွန်ခဲ့တဲ့လတွေကလည်း ဦးတင်ဝင်း အိမ်ကရောင်းထားတယ်ဆိုပြီး အဲဒီတုန်းက သူတို့ မပိတ်ကြသေးတာ။ ဘကြီးအိမ်ကတော့ ပိတ်ထားတာ ကြာပြီ။ မနေ့ကမှ စာလာကပ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
နိုင်သုဝဏ္ဏသည် ဝါရင့်အမျိုးသားရေးလှုပ်ရှားသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(MNDF) ပါတီကိုယ်စားပြုပြီး ကြာအင်းဆိပ်ကြီး အမှတ်(၂) မဲဆန္ဒ နယ်တွင်တကြိမ်၊ ၂၀၁၅ ရွေးကောက်ပွဲ၌ မွန်အမျိုးသားပါတီ(MNP) ပါတီကိုယ်စားပြုကာ ဘားအံမြို့နယ် အမျိုးသားလွှတ်တော် အမှတ်(၁)မဲဆန္ဒနယ်တွင်တကြိမ် ရွေးကောက်ခံကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသည်။ မွန်ညီညွတ်ရေးပါတီ(MUP)၌ ဗဟိုအလုပ်အမှုဆောင်အဖြစ်တာဝန်ယူခဲ့ပြီး ၂၀၂၁ခုနှစ် တွင် စစ်အာဏာသိမ်းခြင်းကို လက်မခံသောကြောင့် MUP မှ နှုတ်ထွက်ခဲ့သည်။
လက်ရှိတွင် နိုင်သုဝဏ္ဏသည် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနတွင် ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ယူထားပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီတွင် သဘာပတိအဖြစ်လည်း တာဝန်ယူ ထားသည်။
ဦးတင်ဝင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ကရင်ပြည်နယ်တွင် ဗမာတိုင်းရင်းသားကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိတွင် ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီ(CRKH) အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ