မုံရွာ နည်းပညာတက္ကသိုလ်ရှိ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

By ပါခွီး (မဇ္စျိမ)
15 June 2023
မုံရွာ နည်းပညာတက္ကသိုလ်ရှိ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ပြီး သုံးဦးသေဆုံးသွားကြောင်း Golden Eagle Force က ဇွန်လ ၁၅ရက် ယနေ့တွင်ထုတ်ပြန်သည်။

တက္ကသိုလ်ဂိတ်ဝရှိ စစ်ကောင်စီတပ်သား လေးဦးကို ဇွန်လ ၁၄ရက် နေ့လယ် ၁ နာရီဝန်းကျင်တွင် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ရာ သုံးဦးမှာ နေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ဆိုသည်။

“ပစ်ခတ်တဲ့ ရဲဘော်များရဲ့မျက်မြင်နဲ့ အတွင်း(စစ်ကောင်စီတပ်) သတင်းပေးတွေဆီက စစ်ကောင်စီတပ်သားတွေ သေဆုံးတာကို အတည်ပြုခဲ့တာပါ” ဟု Golden Eagle Forceတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လင်းယုန် က မဇ္စျိမ ကို ပြောသည်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ချိန် ခြောက်မိနစ်ခန့်ကြာမြင့်ပြီး တပ်စွဲထားသည့် ကျောင်းဝန်းအတွင်းရှိ သုံးထပ်တိုက်ပေါ်မှ စစ်ကောင်စီတပ်သားမှ ပြန်လည် ပစ်ခတ်သဖြင့် ကာကွယ်ရေးရဲဘော်တစ်ဦး ဦးခေါင်းတွင် ထိမှန်ခဲ့သော်လည်း ဒဏ်ရာ မစိုးရိမ်ရကြောင်း သိရသည်။

တိုက်ခိုက်မှုအပြီး ကျောင်းအတွင်းမှ စစ်ကောင်စီတပ်သားများ လမ်းပေါ်ထွက်၍ မိုးညှင်း သမ္ဗုဒ္ဓေလမ်းပိုင်းအထိ လမ်းသွားလမ်းလမ်းများကို ဆဲဆိုစစ်ဆေးခဲ့ကြောင်း ဗိုလ်လင်းယုန်က ဆက်ပြောသည်။

ယင်းတိုက်ခိုက်မှုကို Golden Eagle Force နှင့်အတူ Red Star Front - ကြယ်နီတပ်ဦး(PLA) ၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့ ၊ God of Monywa People Defence Force ၊ တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်သိရသည်။

နည်းပညာတက္ကသိုလ်ဝင်းအတွင်း စစ်ကောင်စီတပ်သား ၅၀ခန့် တပ်စွဲထားကာ လမ်းမပေါ်တွင် စစ်ဆေးရေးများလုပ်ကိုင်ခြင်းနှင့် အနီးနားရှိကျေးရွာများ စစ်ကြောင်းထိုးခြင်းများကို လုပ်ဆောင်ကြကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။

Golden Eagle Force တပ်ဖွဲ့သည့် မုံရွာမြို့ပေါ်တွင် စစ်ကောင်စီတပ်စွဲထားသည့် စီးပွားရေးတက္ကသိုလ် ၊ လဝကရုံး ၊ မြဝတီဘဏ် နှင့် စစ်ဆေးရေးဂိတ်များကို ရှောင်တခင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့ဖြစ်ကြောင်း သိရှိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly