အိန္ဒိယ၏ အရှေ့ဖက်နိုင်ငံများ ဦးစားပေး မူဝါဒ နှင့် အရှေ့မြောက်ဒေသအပေါ် သြဇာလွှမ်းမိုးမှု

အိန္ဒိယ၏ အရှေ့ဖက်နိုင်ငံများ ဦးစားပေး မူဝါဒ နှင့် အရှေ့မြောက်ဒေသအပေါ် သြဇာလွှမ်းမိုးမှု

ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရရှိပြီးနောက် လွတ်လပ်ခါစ အိန္ဒိယသည် အရှေ့မြောက်ဒေသကို လျစ်လျူရှုထားခဲ့သည်။

ယင်း၏ ပိုင်နက်အရှေ့မြောက်ဒေသကို လျစ်လျူရှုထားရုံသာမက အရှေ့တောင်အာရှနိုင်ငံများကိုပါ အာရုံ မစိုက်နိုင်ခဲ့ပေ။ ထို့ကြောင့် ဝန်ကြီးချုပ် ပီဗီ နာရာဆမ်ဟာရာအိုလက်ထက်  ၁၉၉၁ ခုနှစ်တွင် အရှေ့တောင် အာရှနိုင်ငံများနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ရန် "အရှေ့မျှော်မူဝါဒ(Look East Policy)" ကို အဆိုပြုခဲ့သည်။

ထို့ကြောင့် အရှေ့တောင်အာရှနိုင်ငံများသို့ ဝင်ပေါက်ဖြစ်သည့် အိန္ဒိယ၏ အရှေ့မြောက်ဒေသသည်လည်း မရှိမဖြစ် လိုအပ်ချက်ဖြစ်လာခဲ့သည်။

အစပိုင်းတွင် အရှေ့မျှော်မူဝါဒ၏ အာရုံစိုက်မှုသည် အရှေ့အာရှနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများကို ပိုမိုဆွဲဆောင်ရေးအတွက် စီးပွားရေးကဏ္ဍတွင်သာ အာရုံစိုက်ခဲ့သည်။

သို့သော် နောက်ပိုင်းတွင် ဝန်ကြီးချုပ် အတယ်ဘီဟာ ဗာ့ဂျ်ပါယီလက်ထက်တွင် ယင်းသည် မဟာဗျူဟာဖြစ် လာခဲ့သည်။ နှစ်ပေါင်း ၂၀ အကောင်အထည်ဖော်ပြီးနောက် ၂၀၁၁ ခုနှစ်တွင် အိန္ဒိယသည် အရှေ့ကို မျှော်ရုံ သာမက အရှေ့တိုင်းတွင် လက်တွေ့လုပ်ဆောင်အကောင်အထည်ဖော်သင့်သည်ဟု အချေအတင်ဆွေးနွေး မှုများ ပေါ်ပေါက်လာခဲ့သည်။

တစ်ချိန်တည်းတွင်ပင် အိန္ဒိယခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အိန္ဒိယ သည် အရှေ့တိုင်းနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အရှေ့မျှော်မူဝါဒသည် အရှေ့ဘက်အကောင်အထည်ဖော်မူ ဝါဒ(Act East)ဖြစ်လာရန် အကြံပြုခဲ့သည်။

အရှေ့တောင်အာရှဒေသတွင် အိန္ဒိယက တရုတ်ကို ဟန်ချက်ညီအောင် ထိန်းညှိပေးမည့် အရေးပါသည့် နိုင်ငံ ဖြစ်လာရန် အမေရိကန်က အားပေးချင်ခဲ့သော်လည်း ထိုအချိန်က ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ယင်း အကြံပြု ချက်များကို တုံ့ပြန်ခြင်း မရှိခဲ့ပေ။

၂၀၁၄ ခုနှစ်တွင် အစိုးရအပြောင်းအလဲနှင့် မိုဒီအစိုးရ အာဏာရလာပြီးနောက် အစိုးရသစ်သည် အရှေ့မျှော်မူ ဝါဒ(Look East Policy)ကို အရှေ့ဘက်အကောင်အထည်ဖော်မူဝါဒ(Act East Policy)သို့ ပြောင်းလဲခဲ့သည်။

ယင်းအရှေ့အကောင်အထည်ဖော်မူဝါဒသည် အရှေ့တောင်အာရှနိုင်ငံများ အထူးသဖြင့် ဘင်္ဂလားပင်လယ် အော်တွင်တည်ရှိသည့် အရှေ့တောင်အာရှနိုင်ငံများကို ဝင်ရောက်ရေးအတွက် ဝင်ပေါက်ဖြစ်သည့် အိန္ဒိယ၏ အရှေ့မြောက်ဘက်ခြမ်းကို ပိုမိုအာရုံစူးစိုက်ရေးကို အရှိန်မြှင့်တင်ပေးခဲ့သည်။

ဘင်္ဂလားပင်လယ်အော်လုံခြုံရေးနှင့် စီးပွားရေးသည် အရှေ့အကောင်အထည်ဖော်မူဝါဒအသစ်အရ အိန္ဒိယ အတွက် အရေးကြီးသော မဟာဗျူဟာရည်မှန်းချက် ဖြစ်လာခဲ့သည်။

အရှေ့အကောင်အထည်ဖော်မူဝါဒပဏာမခြေလှမ်းအရ အိန္ဒိယရေတပ်နှင့် ကမ်းရိုးတန်းစောင့်တပ်တို့သည် ဂျပန်၊ ဗီယက်နမ်တို့နှင့် ရေကြောင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အနောက်ပစိဖိတ်ဒေသသို့ စတင် အလည်အပတ်သွားရောက်ခဲ့သည်။

ယင်းမူဝါဒမှတစ်ဆင့် အိန္ဒိယသည် တောင်အာရှ၊ အရှေ့တောင်အာရှ၊ သြစတြေးလျတို့နှင့်  ဖလှယ်မှုများ စတင် ရန် အလေးအနက်ထားချဉ်းကပ်မှုတစ်ရပ်ကို လုပ်ဆောင်ခဲ့သည်။ ထို့ပြင် အိန္ဒိယသည် အာဆီယံဆိုင်ရာ သံအမတ်ကြီးတစ်ဦး ခန့်အပ်ခြင်းဖြင့် ပြီးပြည့်စုံသည့် လုပ်ငန်းစဉ်တစ်ခု ထူထောင်ခဲ့သည်။

အိန္ဒိယက ၂၀၁၆ခုနှစ် ရှန်ဂရီလာဆွေးနွေးပွဲသို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကိုလည်း စေလွှတ်ခဲ့သလို ၂၀၁၈ခုနှစ် ဆွေးနွေးပွဲတွင်လည်း မိုဒီက ရင်သပ်ရှုမောဖွယ်မိန့်ခွန်းကို ပြောကြားခဲ့ခြင်းက အာရှလုံခြုံရေးညီလာခံ ရှန်ဂရီ လာတွင် အိန္ဒိယဝန်ကြီးချုပ်တစ်ဦးက ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

အရှေ့အကောင်အထည်ဖော်မူဝါဒ၏ အရေးကြီးဆုံး အစိတ်အပိုင်းများထဲမှ တစ်ခုမှာ အင်ဒို-ပစိဖိတ်ဒေသတစ်ခု လုံးကို ယင်း၏ ဦးစားပေးအဖြစ် ထိပ်ဆုံးမှ ထားရှိရေးဖြစ်သည်။

အင်ဒို-ပစိဖိတ် ဆိုသည်မှာ အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာကို ရိုးရှင်းစွာ အဓိပ္ပာယ်ဖွင့်ထားခြင်းဖြစ်သည်။ အရှေ့မျှော်မူဝါဒတွင် အိန္ဒိယသည် အာဆီယံကို အရေးပါသော အုတ်မြစ်အဖြစ် ဆက်လက်စဉ်းစားပြီး  အရှေ့ မျှော်မူဝါဒကဲ့သို့ပင် ယင်း၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဒေသစနစ်သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ သည်။

သို့သော် ယခင်အရှေ့မျှော်မူဝါဒတွင် အိန္ဒိယသည် ပထဝီဝင်သတ်မှတ်ချက်များကိုပါ အဓိပ္ပာယ်ချဲ့ထွင်ခဲ့သည်။

အရှေ့မျှော်မူဝါဒအဟောင်းသည် အရှေ့အာရှကိုသာ အာရုံစိုက်ထားသော်လည်း အရှေ့အကောင်အထည်ဖော် မူဝါဒအသစ်သည် တောင်အာရှ၊ အရှေ့တောင်အာရှ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် ပစိဖိတ်ကျွန်းနိုင်ငံများနှင့်လည်း သက်ဆိုင်သည်။

အရှေ့အကောင်အထည်ဖော်မူဝါဒ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အိန္ဒိယသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု များမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်စေရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာကို အာရုံစိုက်လျက် ရှိသည်။ အိန္ဒိယသည် ယင်းမူဝါဒ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အရှေ့မြောက်ဒေသနှင့် ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ခဲ့သည်။

အရှေ့အကောင်အထည်ဖော်မူဝါဒသည် အိန္ဒိယသမုဒ္ဒရာလုံခြုံရေးကို အလေးထားသည်။ ယခင်က အိန္ဒိယ သည် တာဝန်မယူဘဲ ရှောင်ဖယ်ခဲ့သော်လည်း ယခုအခါ အိန္ဒိယသည် အရှေ့အိန္ဒိယသမုဒ္ဒရာတွင် လုံခြုံရေး တာဝန်ယူရန်နှင့် ကမ္ဘာလုံးဆိုင်ရာ အများနှင့် သက်ဆိုင်သည်များကို အကာအကွယ်ပေးရန် သဘောတူခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ အများနှင့်သက်ဆိုင်သည်များ (Global commons)ဆိုသည်မှာ တစ်ကမ္ဘာလုံးက မျှဝေသုံးစွဲ နေသော အရင်းအမြစ်များဖြစ်သည့် အာကာသ၊ ဆိုက်ဘာအာကာသ၊ သမုဒ္ဒရာစသည်တို့ကို ဆိုလိုသည်။

အိန္ဒိယက လွတ်လပ်ပွင့်လင်းသော ကမ္ဘာလုံးဆိုင်ရာ အများနှင့်သက်ဆိုင်သည်များကို လေးစားခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နှင့် ရေပိုင်နက်ကိစ္စဖြေရှင်းရေးအတွက် ရေပိုက်နက်ဆိုင်ရာ ကုလသမဂ္ဂ၏ ပင်လယ်ပြင် နယ်နိမိတ်သတ်မှတ်ရေး(UNCLOS) ကို လိုက်နာခဲ့သော်လည်း တရုတ်က ၂၀၁၆ခုနှစ်တွင် တောင်တရုတ် ပင်လယ်ဆိုင်ရာ UNCLOS စီရင်ချက်ကို မလေးစားခဲ့သဖြင့် အိန္ဒိယက ယင်းအပြုအမူကို ရှုတ်ချခဲ့သည်။ 

အိန္ဒိယသည် အမေရိကန်အပါအဝင် အခြားနိုင်ငံများနှင့်အတူ လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ရေးကို လိုလားကြောင်း ပြသခဲ့သည်။

တရုတ်ကြောင့် အရှေ့တောင်အာရှနိုင်ငံများသာ ဒုက္ခရောက်နေသည်မက အိန္ဒိယသည်လည်း တရုတ်၏ ဝင်ရောက်စွက်ဖက်မှုကို ခံနေရသည်။ တရုတ်က အိန္ဒိယ၏ ရေတပ်ပိုင်နက်တွင် သြဇာလွှမ်းမိုးရန် ရေကြောင်း ပိုးလမ်းမအစပျိုးမှုကို ဖန်တီးခဲ့သည်။

တရုတ်ရေငုပ်သင်္ဘောများအတွက် သီရိလင်္ကာနှင့် ပါကစ္စတန်တွင် ဆိပ်ကမ်းများတည်ဆောက်ခဲ့သည်။ “ပုလဲ သွယ် ” အစပျိုးမှုစီမံကိန်းမှ တစ်ဆင့် တရုတ်က အိန္ဒိယပိုင်နက်တွင် ဝင်ရောက်စွက်ဖက်ခြင်းကြောင့် အိန္ဒိယက လည်း အရှေ့အာရှနှင့် အရှေ့တောင်အာရှတွင် ဝင်ရောက်စွက်ဖက်ခြင်းကို လက်တုံ့ပြန်သည့် လှုပ်ရှားမှုကို လုပ်ဆောင်လာခဲ့ရသည်။

အိန္ဒိယ၏ အရှေ့အကောင်အထည်ဖော်မူဝါဒသည် ယင်း၏ အမေရိကန်မူဝါဒနှင့်လည်း ကိုက်ညီသည်။ အမေရိ ကန်နှင့် ပိုမိုခိုင်မာသော ထိတွေ့ဆက်ဆံမှုဖြင့် ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ စစ်အေးတိုက်ပွဲအပြီး ၁၉၉၀ ပြည့် လွန်နှစ်များနောက်ပိုင်း အိန္ဒိယနှင့် အမေရိကန်ဆက်ဆံရေးသည် သိသိသာသာ တိုးတက်လာခဲ့သည်။

၂၀ဝ၈ ခုနှစ်တွင် မန်မိုဟန်ဆင်းအစိုးရလက်ထက်တွင် အမေရိကန်နှင့် နျူကလီးယားသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း မိုဒီအစိုးရလက်ထက်တွင်မှသာ အမေရိကန်နှင့် ထိတွေ့ဆက်ဆံမှု ပိုမိုတိုးမြှင့် လာခဲ့သည်။

မိုဒီသည် အာဏာရလာပြီးနောက် ၄ လအကြာ ၂၀၁၄ ခုနှစ်တွင် အမေရိကန်သမ္မတအိုဘားမားနှင့် နှစ်နိုင်ငံခေါင်းဆောင်အစည်းအဝေးပြုလုပ်ခဲ့သည်။

အရေးကြီးဆုံးမှာ နှစ်နိုင်ငံစလုံးသည် ယခုအခါ ပထဝီဝင်နိုင်ငံရေး ပေါင်းစည်းမှု ပိုမိုများပြားလာနေသည်။ စစ်အေးကာလတွင် အိန္ဒိယသည် ဆိုဗီယက်နှင့် ပိုမိုနီးစပ်ခဲ့ပြီး အမေရိကန်သည် ဆိုဗီယက်ကို ဆန့်ကျင်ခဲ့သော် လည်း ယခုအခါ အိန္ဒိယနှင့် အမေရိကန်နှစ်နိုင်ငံစလုံးသည် တရုတ်ဟူသည့် ဘုံရန်သူ၏ ခြိမ်းခြောက်မှုရှိနေ သည်။

 အစောပိုင်းတွင် အမေရိကန်သည် အနောက်ပစိဖိတ်နှင့် အိန္ဒိယတွင် ပိုမိုအလေးထားဆောင်ရွက်ချင်သလို တစ်ဖက်တွင် အိန္ဒိယသမုဒ္ဒရာကို အာရုံစိုက်ချင်ခဲ့သည်။ ယခုအခါတွင် သြစတြေးလျ၊ ဂျပန်တို့နှင့်အတူ အင်ဒို-ပစိဖိတ်ဒေသကို အာရုံစိုက်မည့် အင်ဒို-ပစိဖိတ် မူဝါဒတစ်ခုရှိလာခဲ့သည်။

အရေးကြီးသည့်အချက်မှာ အရှေ့တိုင်းဒေသအတွက် အိန္ဒိယ၏ ကတိကဝတ်သည် အရှေ့အကောင်အထည် ဖော်မူဝါဒအရ အားကောင်းလာသလို အိန္ဒိယသည် တောင်တရုတ်ပင်လယ်တွင် အမေရိကန်၊ အရှေ့တောင် အာရှနိုင်ငံများနှင့် ပူးပေါင်းပြီး တရုတ်ကို ဟန်ချက်ညီစေရန် သီးသန့် စစ်ရေးအရ ပိုမိုပါဝင်လာခဲ့သည်။  

အနောက်ဘက်ခြမ်းမှ မလက္ကာရေလက်ကြားကို ပိတ်ဆို့ရာတွင် အိန္ဒိယ၏ အရေးပါမှုကို အမေရိကန်က သဘောပေါက်ခဲ့ပြီး၊ အိန္ဒိယသည် အမေရိကန်နှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ကို လက်မှတ်ရေးထိုးခဲ့သည်။

အိန္ဒိယ၏ အရှေ့အကောင်အထည်ဖော်မူဝါဒကို အာရုံစိုက်ခြင်းနှင့် အမေရိကန်နှင့် ဆက်ဆံရေးအသစ် ပြည်လည်တည်ဆောက်ခြင်းသည် အိန္ဒိယသမုဒ္ဒရာ ဒေသအပေါ် ပိုမိုအာရုံစိုက်ရေးနှင့် အပြိုင်ဆောင် ရွက်ခြင်းဖြစ်သဖြင့် အိန္ဒိယနိုင်ငံခြားရေးမူဝါဒတွင် အရေးပါသည်။

အစဉ်အလာအားဖြင့် အိန္ဒိယသည် ကုန်းမြေပေါ်တွင် ပိုမိုအာရုံစိုက်ခဲ့သော်လည်း ယခုအခါ "အပြာရောင် စီးပွား ရေး" နှင့် "အိန္ဒိယသမုဒ္ဒရာ" တို့ကို အာရုံစိုက်နေသည်။ အိန္ဒိယရေတပ်သည် ရေငုပ်သင်္ဘောတပ်ဖွဲ့များနှင့် ပြည်တွင်းထုတ်လုပ်မှုတိုးတက်ရေးကို အားစိုက်လုပ်ကိုင်လာသဖြင့် ပြည်တွင်း ရေတပ်ကိရိယာများ ထုတ်လုပ်မှု သိသိသာသာ တိုးတက်လာခဲ့သည်။

အခြားနိုင်ငံများနှင့် ရေတပ်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ၂၀၁၆ ခုနှစ်တွင် "နိုင်ငံတကာ ရေတပ်ပြန် လည်သုံးသပ်မှု" ကို ပြုလုပ်ခဲ့သည်။ အိန္ဒိယသည် အပြာရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်နှင့် အိန္ဒိယသမုဒ္ဒရာ ဒေသအတွင်း ရေကြောင်းပူးပေါင်းဆောင်ရွက်မှုနှင့် စုပေါင်းလုပ်ဆောင်မှုများကို တိုးမြှင့်ရန် ဒေသတွင်း လုံခြုံ ရေးနှင့် တိုးတက်ရေးအစီအစဉ်(SAGAR) ကို စတင်ဆောင်ရွက်ခဲ့သည်။

တရုတ်၏ ပင်လယ်ရေကြောင်း ပိုးလမ်းမအစပြုမှုစီမံကိန်းကို တန်ပြန်ရန် ယင်းကို စတင်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယသည် အာဖရိကအရှေ့ဘက်ကမ်းရိုးတန်း၊ အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ် စသည်တို့အပါအဝင် အနောက်တောင်-အိန္ဒိယသမုဒ္ဒရာကို အာရုံစိုက်နေကြောင်း ၂ဝ၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့ သော အိန္ဒိယရေကြောင်းလုံခြုံရေး မဟာဗျူဟာတွင် ဖော်ပြခဲ့သည်။

တရုတ်ကြောင့် မနစ်နာရေးအတွက် မော်ရေးသျှနှင့် ဆေရှဲလ်ကဲ့သို့သော ကျွန်းနိုင်ငံငယ်များအတွက် စွမ်း ဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများကို အိန္ဒိယက အာရုံစိုက်လုပ်ဆောင်ခဲ့သည်။

အိန္ဒိယသမုဒ္ဒရာတွင် လုံခြုံရေးဆိုင်ရာ အလုံးစုံဆောင်ရွက်ပေးသူဖြစ်လာရန် အိန္ဒိယက ကြိုးပမ်းနေပြီး အဓိက အားဖြင့် အရှေ့အိန္ဒိယသမုဒ္ဒရာကို အာရုံစိုက်လျက်ရှိသည်။

အရှေ့အကောင်အထည်ဖော်မူဝါဒ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အိန္ဒိယသည် ဘင်္ဂလားပင်လယ်အော်ဒေသ နှင့် ဘင်္ဂလားပင်လယ်အော် ချိတ်ဆက်မှု ဖွံ့ဖြိုးတိုးတက်လာစေရန် အာရုံစိုက်ဆောင်ရွက်လျက်ရှိသည်။

အိန္ဒိယသည် (ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘူတန်နှင့် နီပေါ) အဖွဲ့ဝင်များအဖြစ် ပါဝင် သည့် BIMSTEC  အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဘင်္ဂလားပင်လယ်အော်နှင့် ချိတ်ဆက်မှုနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံ ရေးများ တိုးတက်ကောင်းမွန်လာစေရန်အတွက် စတင်ဆောင်ရွက်ခဲ့သည်။

မြန်မာမှ တစ်ဆင့် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ရှိ မိုးရေးမြို့ကို ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် ဆက်သွယ်ပေး မည့် အာရှ ၃ နိုင်ငံ အဝေးပြေးလမ်းများတည်ဆောက်ရေးအတွက် အိန္ဒိယက ရင်းနှီးမြှုပ်နှံထားသည်။

အိန္ဒိယသည် အာဆီယံနှင့် ပင်လယ်ရေကြောင်း ဆက်သွယ်မှု တိုးမြှင့်ရေးကိုလည်း အာရုံစိုက်ခဲ့သည်။ 

အိန္ဒိယသည် ယင်း၏ ဆိပ်ကမ်းများ ပိုမိုကောင်းမွန်လာစေရန် ဆာဂါမာလာစီမံကိန်းကိုလည်း စတင်ခဲ့သည်။ ဆိပ်ကမ်းများသည် ခေတ်သစ်စီးပွားရေး၏ မောင်းနှင်အားများဖြစ်သည်။

အိန္ဒိယကမ်းရိုးတန်းသည် ၇၅၁၆.၆ ကီလိုမီတာရှိသော်လည်း မဖွံ့ဖြိုးသေးသော ဆိပ်ကမ်းများ ရှိနေသည်။ အိန္ဒိယအရှေ့ဘက်ဆိပ်ကမ်းများသည် အနောက်ဆိပ်ကမ်းများထက် အခြေအနေပိုမိုဆိုးရွားသည်။

ယခုအခါ ဆိပ်ကမ်းများကို ဖွံ့ဖြိုးတိုးတက်စေရန် ပုဂ္ဂလိကပိုင် ပြုလုပ်လျက်ရှိသည်။ သင်္ဘောတည်ဆောက်မှုတွင် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်သူဖြစ်သည့် တောင်ကိုရီးယားနှင့် ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့ရေကြောင်းဆိုင်ရာ ထိပ်သီးအစည်းအဝေးကိုလည်း ကျင်းပခဲ့သည်။

အရှေ့မြောက်ဒေသ၊ အန်ဒမန်နှင့် နီကိုဘာကျွန်းကဲ့သို့သော မဟာဗျူဟာမြောက် အရေးကြီးသော ဒေသတွင် အခြေခံအဆောက်အအုံများဆောက်လုပ်ရာတွင် တရုတ်ထက် ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုများကို အိန္ဒိယ က ပိုမိုလိုလားနေသည်။

ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလားပင်လယ်အော်တွင် အချက်အချာကျသောနိုင်ငံဖြစ်လာစေရေးအတွက် ဂျပန်၏ ဘင်္ဂ လားပင်လယ်အော် စက်မှုဖွံ့ဖြိုးတိုးတက်ရေးဒေသအစပျိုးမှုစီမံကိန်းကိုလည်း အိန္ဒိယက ပံ့ပိုးကူညီလျက် ရှိသည်။ ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများနှင့် ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် ဆောင်ရွက်ပြီး ၊ ဘင်္ဂလားပင်လယ်အော်ရှိ နိုင်ငံအသီးသီးနှင့် ရေကြောင်းပူးပေါင်းဆောင်ရွက်မှုများကို ပိုမို အာရုံစိုက် လုပ်ဆောင်လာခဲ့သည်။

အိန္ဒိယသည် စင်ကာပူနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၅ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုအတွက် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ပြန်လည်ပြင် ဆင်ခဲ့သည်။

နိုင်ငံပေါင်း ၄၀ ကျော်ပါဝင်သည့် နိုင်ငံစုံရေတပ်လေ့ကျင့်မှုဖြစ်သည့် မီလန်စစ်ရေး လေ့ကျင့်မှုကိုလည်း ၁၉၉၅ ခုနှစ်ကတည်းက အိန္ဒိယက စတင်ခဲ့သည်။ ၂၀၂၂ခုနှစ်တွင် အမေရိကန်သည် မီလန်တွင် ပထမဆုံးအကြိမ် ပါဝင်လာခဲ့သည်။

အိန္ဒိယသည် အင်ဒိုနီးရှားရေတပ်၊ ထိုင်းတော်ဝင်ရေတပ်တို့နှင့်အတူ ပူးတွဲရေတပ်ကင်းလှည့်ခြင်းနှင့် ရေတပ် လေ့ကျင့်မှုများကိုလည်း စတင်ပြုလုပ်နေပြီဖြစ်သည်။ ကြိုတင်သတင်းအချက်အလက် ဖလှယ်ရေးအတွက် အိန္ဒိယသည် ထိုင်းနှင့် လက်မှတ်ရေးထိုးခဲ့သည်။

အရှေ့အကောင်အထည်ဖော်မူဝါဒ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မည်သည့်နိုင်ငံရေးစနစ်ဖြင့် အာဏာရခဲ့ သည်ဖြစ်စေ အိန္ဒိယသည် မြန်မာနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းရန် ရင့်ကျက်လာခဲ့သည်။

အိန္ဒိယသည် စစ်အစိုးရနှင့် ဆက်ဆံရေး ပြတ်တောက်သွားခဲ့သည့် ယခင်အချိန်နှင့် မတူတော့ပေ။ အိန္ဒိယနှင့် မြန်မာရေတပ်တို့သည် ယခုအခါ နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေပြီး အိန္ဒိယသမုဒ္ဒရာအတွင်း ကင်းလှည့်နေကာ မြန်မာသည် ထိုင်းနှင့် အင်ဒိုနီးရှားတို့ပြီးပါက ယင်းသဘောတူညီချက်ကို လက်မှတ်ရေး ထိုးထားသည့် တတိယမြောက်နိုင်ငံဖြစ်သည်။

အိန္ဒိယသည် ဘင်္ဂလားပင်လယ်အော်ဒေသသို့ ကာကွယ်ရေးပစ္စည်းများ တင်ပို့မှုမြှင့်တင်ရန် အိန္ဒိယတွင် ထုတ်လုပ်သည် စီမံချက်ကို ဆောင်ရွက်ခဲ့သည်။

အရှေ့တောင်အာရှ စစ်တပ်များသို့ ရေတပ်ကိရိယာများ စတင်ပို့ဆောင်နေပြီ ဖြစ်သည်။ အိန္ဒိယသည် အရှေ့ တောင်အာရှဟူသည့် သတ်မှတ်ချက်ထက် ကျော်လွန်ကာ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများနှင့် ရေတပ်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခဲ့သည်။

အစောပိုင်းတွင် အိန္ဒိယသည် ယင်း၏ ဘက်မလိုက်လှုပ်ရှားမှု(NAM) နှင့် တရုတ်က ဒေါသထွက်မည်ကို စိုးရိမ် ခြင်းကြောင့် ရေတပ် စစ်ရေးလေ့ကျင့်မှုများ ဖိတ်ခေါ်ခြင်း သို့မဟုတ် ပါဝင်ခြင်း သို့မဟုတ် ကင်းလှည့်ခြင်းတို့ကို သတိကြီးစွာထားခဲ့သည်။

သို့သော် ယခုအခါ အိန္ဒိယသည် အိန္ဒိယသမုဒ္ဒရာတွင် ယင်း၏ တာဝန်ကို လက်ခံထားပြီး QUAD ပဏာမအ စီအစဉ်အရ အမေရိကန်၊ ဂျပန်၊ သြစတြေးလျကဲ့သို့သော ဒေသတွင်းအင်အားကြီးနိုင်ငံများနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ မာလာဘာလေ့ကျင့်ခန်းကို QUAD နှင့်အတူ လုပ်ဆောင်ခဲ့သည်။

အိန္ဒိယသည် အိန္ဒိယသမုဒ္ဒရာတွင်သာမက အနောက်ပစိဖိတ်ဒေသတွင်လည်း စစ်ရေးလေ့ကျင့်မှုများပြု လုပ်ခြင်းဖြင့် အိန္ဒိယရေတပ်သြဇာကို တိုးချဲ့လျက်ရှိသည်။

အိန္ဒိယသည် ၂၀၁၅ခုနှစ်တွင် ထိုင်းတွင် ပြုလုပ်သည့် ရ Cobra Gold စစ်ရေးလေ့ကျင့်မှုနှင့် ၂၀၁၆ခုနှစ်တွင် ပြုလုပ်သည့် ပစိဖိတ်သမုဒ္ဒရာအနားသတ်နိုင်ငံများစစ်ရေးလေ့ကျင့်မှုကဲ့သို့သော ဒေသတွင်းစစ်ရေးလေ့ကျင့်မှု များတွင် အိန္ဒိယက ပါဝင်ခဲ့သည်။

 အနှစ်ချုပ်အားဖြင့် တရုတ်၏ ပုလဲသွယ်မူဝါဒနှင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း(BRI) ၏ အန္တရာယ်နှင့် အကျိုး ဆက်များကို အိန္ဒိယက နားလည်ခဲ့သောကြောင့် ယခုအခါ အိန္ဒိယသည် အရှေ့မြောက်ဒေသကို ချိတ်ဆက်မှု၊ ကုန်သွယ်မှု၊ လုံခြုံရေးနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများချိတ်ဆက်လုပ်ဆောင်ခြင်းဖြင့် လုံခြုံရေးဆိုင်ရာ အလုံးစုံဆောင်ရွက်ပေးသူ၏ အခန်းကဏ္ဍကို ရရှိရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိသည်။

http://epao.net/epSubPageExtractor.asp?src=news_section.opinions.India_A...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly