ရွာငံတွင် တောင်သူအစုအဖွဲ့ပိုင် Green Tea စက်ရုံ ၂ ရုံဖွင့်လှစ်ရန်ရှိ

ရွာငံတွင် တောင်သူအစုအဖွဲ့ပိုင် Green Tea စက်ရုံ ၂ ရုံဖွင့်လှစ်ရန်ရှိ
 မိရိုးဖလာ လက်ဖက်လုပ်ငန်းလုပ်ကိုင်နေသည့် ပလောင်တိုင်းရင်းသူများကိုတွေ့ရစဉ်။ ဓာတ်ပုံ-ရဲမင်း

ရန်ကုန်၊ မတ် ၃၀ ။          ။ ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ရွာငံမြို့နယ်အတွင်းတွင် လက်ဖက်စိုက်တောင်သူများ၏ အစုအဖွဲ့ပိုင် Green Tea စက်ရုံ  ၂ ရုံကို ဧပြီလအတွင်းဖွင့်လှစ်သွားရန် ရှိကြောင်း သိရသည်။

ရွာငံမြို့နယ် လက်ဖက်အသင်းဥက္ကဌ ဦးမောင်နုက"လေးလပိုင်း ရွှေဖီထွက်ချိန်လောက် စက်ရုံဖွင့် သွားဖို့ရှိပါတယ်။လက်ဖက်စိုက်တောင်သူတွေ စုပေါင်းပြီး အစုအဖွဲ့ပိုင် လက်ဖက်စက်ရုံတည်ထောင်ထားတာပါ။လက်ဖက်ခြောက်ကို GreenTea အနေနဲ့ထုတ်လုပ်မှာပါ။’’ဟုပြောသည်။

အစုအဖွဲ့ပိုင် GreenTea စက်ရုံ နှစ်ရုံကို ရွာငံမြို့နယ်အတွင်းရှိ မြစေတီကျေးရွာ နှင့် ထမင်းပေါင်းကျေးရွာတွင် တည်ဆောက်ထားကြောင်း ၊ Green Tea လက်ဖက်ခြောက်ထုတ် လုပ်နိုင်ခြင်းအားဖြင့် မိရိုးဖလာ ထုတ်လုပ်ခြင်းထက် အရည်အသွေးကောင်း သလို ဈေးနှုန်းပိုမို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကြံခင်း ကျေးရွာမှ လက်ဖက်စိုက်တောင်သူ ဒေါ်နန်းဥက`` တောင်သူတွေ ဈေးကောင်းရတယ်ဆို စိတ်ဝင်စားလာမှာပဲ  အဲ့လိုနဲ့ စက်ရုံထဲကို အသင်း ဝင်ဖို့ရယ်ငွေထည့် ဝင်ဖို့ရယ်အဲ့ လိုမျိုးပေါ့။စိတ်ဝင်စားမှုရှိတယ်။တော်တော်လေး ကိုရှိတယ်။တစ်ချို့ကျတော့ တအားကြီး စိတ်မဝင်စားဘူး။ပြောရမလားမသိဘူး။ အဲ့လိုမျိုးကြရင် လုပ်ပြမှပဲ သိလာမှာ မလုပ်သေးခင်တော့ သူတို့ ယုံချင်မှ ယုံမှာ။ အခု၁၂ လပိုင်းကစပြီး လက်ဖက် စိုက်တောင်သူ ၂၅ ယောက်နဲ့ အစုအဖွဲ့လေး ဖွဲ့ထားပြီးလုပ်နေတာ ရှိတယ်။’’ဟု ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း အတွင်းရှိ ပင်းတယ ၊ ရပ်စောက် ၊ ရွာငံ ၊ ပင်လောင်းစသည့် မြို့နယ်များအ တွင်းရှိ လက်ဖက်စိုက်တောင်သူများအနေဖြင့် မိရိုးဖလာနည်းဖြင့် လက်ဖက်စို နှင့် လက် ဖက်ခြောက် နှစ်မျိုးကိုထုတ်လုပ်သည်။

မိရိုးဖလာနည်းဖြင့်ထုတ်လုပ်သည့် လက်ဖက်စိုဈေးမှာ တစ် ပိသာကို ကျပ် ၃၀၀၀ မှ ၃၅၀၀ ကြားရှိနေသလို လက်ဖက်ခြောက်ဈေးမှာတစ်ပိသာလျှင် ကျပ် ၅၀၀၀ မှ ၆၀၀၀ ကြားရှိကြောင်းသိရသည်။

လက်ဖက်စိုက်ပျိုးရေးပညာရှင် ဦးကြည်ငြိမ်းချမ်းက`` အနံ့နဲ့အရသာက ဒေသရိုးရာ အတိုင်းထုတ်တဲ့ လက်ဖက်နဲ့ယှဉ်လိုက်ရင် စက်ရုံကထွက်တဲ့ အခါးခြောက်က ပိုကောင်းတယ်။ ဈေးကွက် အနေနဲ့ ဆိုရင်လည်း ဒေသနည်းနဲ့ ထုတ်တာက တစ်ပိသာ ၆၀၀၀ လောက်ရရင် စက်ရုံကထုတ်တဲ့ GreenTea မှာ ၉၀၀၀ ကနေ ၁၂၀၀၀ ထိ ပေးတာတွေ့ရတယ်ပေါ့။ အဲ့တော့အကျိုးအမြတ်အနေနဲ့ အများကြီးရှိတာတွေ့တယ်။’’ဟုဆိုသည်။

လက်ဖက်စိုက်တောင်သူများ စုပေါင်းကာ အရည်အသွေးကောင်း ဈေးကောင်းရ GreenTea လက်ဖက်ခြောက်ထုတ်လုပ်နိုင်ပါက တစ်ပိသာကို ကျပ် ၈၀၀၀ မှ ၁၀၀၀၀ ကြားရရှိနိုင်မည်ဖြစ်သဖြင့် အမြတ်ငွေမှာ မိရိုးဖလာထုတ် လုပ်ခြင်းထက် ထက်ဝက်မက ကွာခြားကြောင်း ရွာငံမြို့နယ် လက်ဖက်အသင်းဥက္ကဌ ဦးမောင်နုကဆိုသည်။

ဦးမောင်နုက``အရင်မိရိုးဖလာသွားတဲ့နည်းက ကျွန်တော်တို့ သံဒယ်တွေနဲ့သွားတယ်။နောက် ပီ ပါတွေဝယ်ပြီး လှော်ဖိုတည်တယ်။အဲ့ကျတော့ မီးခိုးနံ့နံတာ ရှိမယ်။မီးမညီလို့တူးသွားတာရှိမယ်။ GreenTea ကျတောလက်ဖက်တိုက်ရိုက်တခါတည်းခြောက်နိုင်တဲ့ အားသာချက်ရယ် အရည်အသွေး ပိုကောင်းတာရှိတယ်။အဲ့လိုကြောင့် ဈေးကွက်နဲ့ အရည်အသွေး၊ဈေးနှုန်းတွေမတူတော့ ဘူးပေါ့နော်။’’ဟုပြောသည်။

လက်ဖက်စိုက်တောင်သူများ စုပေါင်းကာ အစုအဖွဲ့ပိုင် လက်ဖက်စက်ရုံ တည်ထောင်နိုင်ခြင်းဖြင့် တောင်သူများအတွက် ဈေးကွက်လမ်းကြောင်းတစ်ခုရရှိလာနိုင်သလို ရေရှည်တည်တန့်ရန် စီပွားရေးစီမံခန့်ခွဲမှုနှင် အရည်အ သွေးထိန်းသိမ်းမှုများလုပ်ဆောင်ရန် လိုအပ်ကြောင်း လက်ဖက်စိုက်ပျိုးရေးပညာရှင်အချို့ကထောက်ပြပြောဆိုကြသည်။

ပြည်တွင်းရှိ လက်ဖက်ဈေးကွက်ပိုမိုကောင်းမွန်စေရန် အမေရိကန်နှင့် ဥရောပနိုင်ငံများရှိဈေးကွက်များနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း လည်း မြန်မာနိုင်ငံလက်ဖက်စိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly