ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်အပါအဝင် လေးဦးကို သတ်ဖြတ်ခဲ့သည်ဟူသော စွပ်စွဲချက် မှားယွင်းဟုမြောင်ပလဖတုန့်ပြန်၊ စုံစမ်းဖော်ထုတ်အရေးယူရန် စစ်ကိုင်းခရိုင်ရင်း(၁) NUG ထံ တောင်းဆို

By ရောင်နီ (မဇ္ဈိမ)
14 June 2023
ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်အပါအဝင် လေးဦးကို သတ်ဖြတ်ခဲ့သည်ဟူသော စွပ်စွဲချက် မှားယွင်းဟုမြောင်ပလဖတုန့်ပြန်၊ စုံစမ်းဖော်ထုတ်အရေးယူရန် စစ်ကိုင်းခရိုင်ရင်း(၁) NUG ထံ တောင်းဆို
ZAMANI Revolution Force (MMU)MYAUNGအဖွဲ့ ခေါင်းဆောင် ကိုဇော်မိုး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်အပါအဝင် လေးဦးကို သတ်ဖြတ်ခဲ့သည်ဟူသော စစ်ကိုင်းခရိုင် အမှတ် ၁ တပ်ရင်း၏ စွပ်စွဲချက်သည် မှားယွင်းနေပြီး ယင်းဖြစ်စဥ်အပေါ် NUG အနေဖြင့် စုံစမ်းစစ်ဆေးပါက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့တာ၀န်ခံဗိုလ်ကျားသစ်က မဇ္စျိမကို ပြောသည်။

မြောင်နှင့် မြင်းမူမြို့အခြေစိုက် ZAMANI Revolution Force (MMU)MYAUNGအဖွဲ့ ခေါင်းဆောင် ကိုဇော်မိုးအပါအဝင် လေးဦးကို

မြောင်မြို့နယ် ပလဖအဖွဲ့ ဖမ်းဆီးသွားပြီးနောက် သေဆုံးသွားပြီး ယင်းဖြစ်ရပ်အ‌ပေါ် မြောင်မြို့နယ် ပလဖအဖွဲ့အနေဖြင့် တာဝန်ခံရမည်ဖြစ်ကြောင်း စစ်ကိုင်းခရိုင်၊တပ်ရင်း(၁)က ထုတ်ပြန်ထားသည့် အပေါ် ဗိုလ်ကျားသစ်က တုံ့ပြန်ပြောကြားခြင်းဖြစ်သည်။

ZAMANI Revolution Force (MMU) MYAUNG အဖွဲ့ ခေါင်းဆောင် ကိုဇော်မိုးနှင့်ကျေးရွာပကဖတာဝန်ခံ တစ်ဦး၊ရဲဘော်တစ်ဦးနှင့် ပြည်သူတစ်ဦးအား မြောင်မြို့နယ်ပလဖအဖွဲ့မှ ဇွန်လ ၁ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ စစ်ဆေးစဉ် လက်လွန်ပြီး လေးဦးစလုံး သေဆုံးသည့်သတင်းရရှိကြောင်းနှင့်မြောင်မြို့နယ်ပလဖအဖွဲ့၏ လုပ်ရပ်သည် တော်လှန်ရေးအင်အားစုများနှင့်တော်လှန်ရေး သမားများကိုပါ ပြောင်ပြောင်တင်းတင်း စော်ကားလိုက်ခြင်းဖြစ်ကြောင်း စစ်ကိုင်းခရိုင်၊တပ်ရင်း (၁)က ဇွန်လ ၁၀ရက်တွင် ထုတ်ပြန်ထားသည်။

ထိုထုတ်ပြန်ချက်အပေါ် ဗိုလ်ကျားသစ်က " အမှားအယွင်းတွေ တင်ထားတာ ဖြစ်ပါတယ်" ဟု တုံ့ပြန် သည်။

ZAMANI Revolution Force (MMU)MYAUNGအဖွဲ့ ခေါင်းဆောင် ကိုဇော်မိုးသည် မြောင်မြို့နယ် မရိုးကုန်းကျေးရွာမှ တိုက်နယ်ပကဖ ခေါင်းဆောင် ကိုဖိုးထောင်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီးငွေကြေးများလည်း ယူဆောင်သွားကြောင်း၊ ဥပဒေမဲ့လုပ်ရပ်အများအပြား ကျူးလွန်ထားကာ ရွှေဆိုင်နှင့် ဓာတ်ဆီဆိုင်များကို ဓားပြတိုက်ခြင်း၊ ပြည်သူတစ်ဦးကို ဒလန်ဟုဆိုကာ စွပ်စွဲသတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ကြောင်း ဗိုလ်ကျားသစ်က ပြောသည်။ ဗိုလ်ကျားသစ်၏ အဆိုပါ ပြောကြားချက်အပေါ် မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။ ကိုဇော်မိုးဦးဆောင်သောအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီး ကာကွယ်ရေးတပ်ဖွဲ့အချို့ ပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်းဟု ဗိုလ်ကျားသစ်က ယနေ့ ဇွန်လ ၁၄ရက် နေ့လယ်တွင် ပြောသည်။

၎င်းက " တပ်ရင်းတပ်ဖွဲ့တွေနဲ့ ဖမ်းဆီးတာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီရောက်ပြီး စစ်ဆေးပြီးတော့ လုပ်လိုက်တဲ့ ပုံစံမျိုးမဟုတ်ဘူး။ ဖမ်းဆီးခဲ့ချိန်က သူပစ်ကိုယ်ပစ် ပစ်ရင်း ထိခိုက်သေဆုံးတာပါ" ဟု ယနေ့ ဇွန်လ ၁၄ရက်တွင် ပြောသည်။

ဖမ်းဆီးရာတွင် တဖက်နှင့်တဖက် အပြန်အလှန်ပစ်ခတ်မှုအတွင်း ကိုဇော်မိုးအပါအဝင် သုံးဦးသေဆုံးကာ တစ်ဦးမှာ ခြေထောက်တွင် သေနတ်ထိမှန်ဒဏ်ရာရရှိပြီး လက်ရှိအချိန်အထိ အသက်ရှင်လျက် ဖမ်းဆီးထိန်းသိမ်းထားဆဲဟုဆိုသည်။

စစ်ကိုင်းခရိုင်တပ်ရင်း(၁) ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် စုံစမ်းစစ်ဆေးမှုပြုလုပ်လာပါက ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။

“ NUG ဆိုတာ ကျွန်တော်တို့ အစိုးရလေ။ ကျွန်တော်တို့ အစိုးရချမှတ်တဲ့အတိုင်းခံယူသွားမှာပါ။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ရင်လည်း ပူးပေါင်းဆောင်ရွက်သွားပါမယ်“ ဟု ၄င်းက ပြောသည်။

ဇွန်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် စစ်ကိုင်းခရိုင် တပ်ရင်း ၁က ထုတ်ပြန်ထားသည့်စာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ယခုဖြစ်စဉ်အား ပြန်လည်စိစစ်ပြီး မြောင်မြို့နယ်ပလဖအဖွဲ့နှင့် ဤအမှုတွင် ပါဝင်ပါတ်သက်သူအားလုံးအား ဖော်ထုတ်အရေးယူပေးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အသတ်ခံရသူ လေးဦး၏ မိသားစုဝင်များအား မြောင်မြို့နယ် ပလဖ အဖွဲ့အနေဖြင့် တရားဝင်တောင်းပန်ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပုံရိပ်ကို ထိခိုက်စေသော လုပ်ရပ်မှန်သမျှအား ပြင်းထန်စွာ ရှုံ့ချသည်ဟု ထုတ်ပြန်ထားသည်။

မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) တာ၀န်ခံကိုနွေဦးက စစ်ကိုင်းခရိုင် တပ်ရင်း(၁)ရင်း၏ ထုတ်ပြန်ချက်သည် မြေပြင်အခြေအနေနှင့် လွဲချော်နေသည်ဟုမှတ်ချက်ပြုသည်။

" သူတို့ ထင်မြင်ချက်တချို့နဲ့ သူတို့ကြားလိုက်တာလေးတွေကိုပဲ စာထုတ်လိုက်တာ" ဟု ကိုနွေဦးကပြောသည်။

ထုတ်ပြန်ချက်တွင် တာဝန်ခံလက်မှတ်ရေးထိုးထားသည့်စစ်ကိုင်းခရိုင် တပ်ရင်း(၁)ရင်း ၁ မှူး ဗိုလ်ယက္ခက ၎င်းတို့အနေဖြင့် ဖြစ်စဉ်ကို သေချာစိစစ်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြောင်မြို့နယ်ပလဖအဖွဲ့၏ ကျူးလွန်မှုကို NUG အနေဖြင့် စုံစမ်းဖော်ထုတ်ရန် ထပ်မံ တောင်းဆိုသည်။

" NUG ကိုတောင်းဆိုချင်တာကတော့ မြောင်မြို့နယ် ပလဖအဖွဲ့နဲ့ တာ၀န်ရှိတဲ့သူတွေကို NUG ဥပဒေနဲ့ အညီ ဘယ်လိုအရေးယူမှာလဲ။ ဒါလေးပဲ မေးချင်ပါတယ်" ဟု ယနေ့ ဇွန်လ ၁၄ရက် ညက ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

စာတည်း - မောင်ကြီး

#mizzima

#စစ်ကိုင်းခရိုင် အမှတ် ၁ တပ်ရင်း

#မြောင်မြို့နယ်ပလဖအဖွဲ့

#CDSOM

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly