ကန့်ဘလူမြို့နယ်၊ ပိတောက်ပင်ကျေးရွာအနီးတိုက်ပွဲတွင် ပျူစောထီးခေါင်းဆောင်ဆိုသူသေဆုံး

By ကိုခင်မောင် (မဇ္ဈိမ)
14 June 2023
ကန့်ဘလူမြို့နယ်၊ ပိတောက်ပင်ကျေးရွာအနီးတိုက်ပွဲတွင် ပျူစောထီးခေါင်းဆောင်ဆိုသူသေဆုံး

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ပိတောက်ပင်ကျေးရွာအနီးတိုက်ပွဲအတွင်း ပျူစောထီးခေါင်းဆောင်ဆိုသူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။

ဇွန်လ ၁၃ ရက်၊ နံနက် ၈ နာရီခန့်တွင် ပျူစောထီးပူးပေါင်း စစ်ကောင်စီစစ်ကြောင်းနှင့် ကန့်ဘလူဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြား ပိတောက်ပင်ကျေးရွာအထွက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ တိုက်ပွဲမှာ သေဆုံးသူက ဦးဌေးဝင်း၊ သူကပျူခေါင်းဆောင်အကြီးစားပါ။ စစ်ကောင်စီစစ်ကြောင်းမှ အမြဲတမ်းလိုက်ပါနေသူတစ်ဦးပါ ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက မဇ္ဈိမသို့ပြောသည်။

အသက် (၅၀) ကျော်ခန့်ရှိသော ဦးဌေးဝင်းသည် ထန်းကုန်း‌အနောက်ဘက်ကျေးရွာများ၏ ပျူ‌စောထီးခေါင်းဆောင်ဖြစ်ကြောင်း အထက်ပါတပ်ဖွဲ့ဝင်က ထပ်လောင်းအတည်ပြုသည်။

သို့သော် ဦးဌေးဝင်းသည် ပျူ‌စောထီးခေါင်းဆောင်ဖြစ်သည်ဆိုသော ကိစ္စနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ သီးခြားအတည်နိုင်ခြင်းမရှိသေးပေ။

ဇွန်လ ၁၄ ရက် နေ့လယ်ပိုင်းတွင် ဦးဌေးဝင်း၏ရုပ်အလောင်းကို ၎င်း၏ဇာတိ ကံရိုးကျေးရွာရှိ နေအိမ်သို့ စစ်‌ကောင်စီတပ်စစ်သားအများအပြားနှင့် ပျူ‌စောထီးများမှ လာရောက် ပို့ဆောင်ခဲ့ကြသည်ကိုတွေ့ရကြောင်းလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်ကဆိုသည်။

ကန့်ဘလူမြို့နယ်၊ ကို့တောင်ဘို့ရွာတွင် တပ်စွဲထားသော အဆိုပါစစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် အင်အား ၆၄ ဦးဖြင့် ဇွန်လ ၁၄ ရက်၊ နံနက် ၄ နာရီ ၅၀ မိနစ်ခန့်တွင် ကောလင်းဘက်သို့ စစ်ကြောင်းထိုးထွက်သွားကြောင်းသိရသည်။

ထိုစစ်ကြောင်းအား ကိုးတောင်ဘို့တိုက်နယ် ပ.က.ဖ တပ်ခွဲ (၂) (DCT) အဖွဲ့မှ ကောလင်းမြို့နယ်၊ ဝါးရုံခုံကျေးရွာတောင်ဘက် ကွန်ဂရစ်တံတားတွင် ပဒေသာမှိုင်းခြောက်လုံးဖြင့် ဇွန်လ ၁၄ ရက်၊ နံနက် ၅ နာရီခန့်တွင် မှိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း ကောလင်း ပ.က.ဖ အဖွဲ့၀င်တစ်ဦးကလည်းပြောသည်။

စာတည်း ။ ။ Alden

#ကန့်ဘလူမြို့နယ်

#ပိတောက်ပင်ကျေးရွာ

#ပကဖ

#ပျူစောထီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly