ဟံလင်းမြို့ဟောင်းရှိ စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ သွားရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

By ရောင်နီ (မဇ္ဈိမ)
14 June 2023
ဟံလင်းမြို့ဟောင်းရှိ စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ သွားရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်၊ ဟံလင်းမြို့ဟောင်းကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ကြောင်း 96 Soldiers-PDF (အညာဒေသတပ်ခွဲ) တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။

အင်အား ၅၀ ခန့်ရှိ ထိုစစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၁၂ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“စခန်းမှာ စစ်ကောင်စီတပ် အင်အား ၅၀ လောက်ရှိတယ်ဆိုပြီး သိရတယ်။ ကျွန်တော်တို့အဖွဲ့တွေရဲ့ သွားရောက်တိုက်ခိုက်မှုမှာ သူတို့ဘက်က လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ ၆၀ မမနဲ့လည်း ပြန်ပစ်တယ်။ ကျွန်တော်တို့ လက်နက်ငယ်နဲ့ ပထမဆုံး ပစ်ခတ်တဲ့ စစ်ဆင်ရေးပါ။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က အထိအခိုက်မရှိခဲ့ပါဘူး ” ဟု 96 Soldiers-PDF (အညာဒေသတပ်ခွဲ)မှ ကိုဇေယျာလွင်က ပြောသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရသည်ကိုလည်း ဒေသခံများ ပြောပြချက်အရ သိရှိရကြောင်း 96 Soldiers-PDF (အညာဒေသတပ်ခွဲ) က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို MDF-Shwebo တပ်ဖွဲ့၊ ဒုံးပျံတပ်ဖွဲ့နှင့် 96 Soldiers-PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲအပြီး ထိုစစ်ကောင်စီတပ်က ဟံလင်းမြို့ဟောင်းကျေးရွာ အနီးကို စစ်ကြောင်းထိုးမှုများရှိခဲ့ကြောင်း သိရသည်။

“ ဟန်လင်းနားမှာ စိုင်နိုင်ကွေ့ရှိတယ်။ လှတောနဲ့လည်း နီးတယ်။ အဲတော့ သူတို့က ကူးနေတာပေါ့။ ရွှေဘိုထဲကလာတယ် စစ်ကြောင်းထိုးလိုက် အဲ့မှာ၀င်နားလိုက် စစ်ကြောင်းပတ်ထိုးလိုက် အဲ့လိုတော့ ရှိတယ်။ ပြီးခဲ့တဲ့ သုံးလလောက်ကလည်း အဲ့နားက ရွာတွေကို မီးရှို့တာရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထိုစစ်ကောင်စီတပ် တပ်စွဲထားသည့် ရှစ်လတာ ကာလအတွင်းဟံလင်းမြို့ဟောင်းကျေးရွာအတွင်းရှိ ပြည်သူများအား ပျူစောထီး စစ်သင်တန်း သင်ကြားပေးနေပြီး ကာကွယ်ရေးတပ်ဖွဲ့များဘက်ကလည်း လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#ဟံလင်းမြို့ဟောင်း

#၄ ဦးသေဆုံး

#96 Soldiers-PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly