အင်းတော်ကြီးဒေသ၊ မိုင်းနောင်ကျေးရွာတွင် လမ်းသွားလမ်းလာ အရပ်သားတစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးခဲ့ပြီး တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။
မိုင်းနောင်ကျေးရွာ၊ ဆင်ဖြူကုန်းရပ်မှ အသက် ၃၃ နှစ်အရွယ် ဦးသိန်းလင်းကို ပြီးခဲ့သည့် ဇွန်လ ၈ရက်တွင် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခြင်းဟု သိရသည်။ ဦးသိန်းလင်းသည် စစ်ကောင်စီတပ်က စစ်ဆေးနေစဉ် ကြောက်လန့်ပြီး ထွက်ပြေး
ရာမှ သေနတ်ဖြင့် ပစ်ခတ်ရာ သေဆုံးသွားခဲ့သည်ဟုဒေသခံများကပြောသည်။
ထို့အပြင် မိုင်းနောင်ကျေးရွာမှ လူငယ်တစ်ဦးကိုလည်း လက်ကိုင်ဖုန်းအတွင်း PDF ပြောက် ကျားဝတ်စုံဓာတ်ပုံတစ်ခုတွေ့ရှိသည်ဟုဆိုကာ ဇွန်လ ၈ရက်တွင် စစ်ကောင်စီကဖမ်းဆီးခဲ့ကြောင်းသတင်းရရှိသည်။ အဆိုပါ လူငယ်ကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းမသိရသေးဘဲ ယနေ့ ဇွန်လ ၁၄ရက်အထိ မိသားစုဝင်များနှင့်အဆက်အသွယ်ပြတ်နေသည်ဟု သိရသည်။
" မိုင်းနောင်အုပ်ချုပ်ရေးဖက်ကလည်း အသံမထွက်ရဲလို့ ဘယ်ကို ခေါ်လို့ခေါ်သွားမှန်းမသိဘူး ဖြစ်နေတာ။ ပါသွားတဲ့ ကလေးရဲ့ မိဘတွေကလည်း မပြောရဲတော့ သတင်းအစအနမရဘူးဖြစ်နေတာ" ဟု မိုင်းနောင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါလူငယ်သည် စစ်ကောင်စီစစ်ကြောင်းက မိုင်းနောင်ကျေးရွာအတွင်း ဖြတ်သန်းသွားလာသည့် အရပ်သားများကို စစ်ဆေးနေစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ ဖမ်းဆီးခံရပြီး ရက်သတ္တပတ်ကြာသည်အထိ အဆက်အသွယ်မရသောကြောင့် ယင်းလူငယ်အတွက် စိုးရိမ်နေရကြောင်းဒေသခံများကပြောသည်။
" နောက်တရက်မှာ မိုင်းနောင်ဘုရားဝင်းထဲ အဲ့စစ်သားတွေနဲ့အတူ ကလေးကိုတွေ့သေးတယ်။
ကျွန်တော်လည်း သေချာမကြည့်ရဲလို့မြန်မြန်ပြန်လာရတယ်" ဟု မိုင်းနောင်ကျေးရွာ ဒေသခံက ပြောသည်။
လက်ရှိတွင် အင်းတော်ကြီးဒေသသို့ စစ်ကောင်စီ၏အမှတ် (၃၃) ခြေမြန်တပ်ရင်း လက်အောက်ခံတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး လုံးတုံစစ်တပ်နှင့် နန့်မွန်းတောင်ထိပ်ဗျုဟာကုန်းတို့တွင် နယ်မြေခံတပ်ရင်းများနှင့် ပူးပေါင်းတပ်စွဲထားကြောင်း သတင်းရရှိသည်။
စာတည်း - မောင်ကြီး